ပြင်းထန်တဲ့ သဘာဝဘေးတွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်

Photo – Reuters

 

အာဖဂန်နစ္စတန် နိုင်ငံအလယ်ပိုင်း လိုဂျာစီရင်စုမှာ မိုးများပြီး ရုတ်တရက်ရေကြီးမှုကြောင့် ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လူ ၂၀ထက်မနည်း သေဆုံးခဲ့တယ်လို့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဌာနရဲ့ တာဝန်ရှိသူတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။ 

မိုးအဆမတန်ရွာသွန်းတာကြောင့် စိုက်ပျိုးရေးမြေတွေနဲ့ အိမ်ခြေ ၁၀၀၀နီးပါးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“လိုဂျာစီရင်စုမှာ ရေကြီးလို့ လူ၂၀သေဆုံးပြီးတော့ ၃၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်”လို့ အာဖဂန်နစ္စတန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင် Mohammad Nassim Haqqani က ပြောကြားခဲ့ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။ 

အာဖဂန်နစ္စတန်နိုင်ငံဟာ အခုနှစ်အတွင်း မိုးခေါင်ရေရှားတာ ၊ လူပေါင်း ၁ထောင်ကျော်သေဆုံးခဲ့တဲ့ ငလျင်လှုပ်ခတ်မှု အပါအဝင် ပြင်းထန်တဲ့ သဘာဝဘေးတွေကို ဆက်တိုက်ရင်ဆိုင်နေရတာပါ။ 

ပြီးခဲ့တဲ့ ဩဂုတ်လက နိုင်ငံကို သိမ်းယူခဲ့တဲ့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ဟာ သဘာဝဘေးတွေ ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရုန်းကန်နေရတာဖြစ်ပြီး အကူအညီတွေလည်း တောင်းခံထားပါတယ်။ 

“သဘာဝဘေးဒဏ်သင့်ပြည်သူတွေကို အရေးတကြီး အကူအညီပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အစ္စလာမ်နိုင်ငံတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုပါတယ်။”လို့ တာလီဘန်ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ဗီဒီယိုမက်ဆေ့တစ်ခုကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့ပါတယ်။

တစ်ကမ္ဘာလုံးဆိုင်ရာ လူသာချင်းစာနာမှုအဖွဲ့စည်းတွေက လနဲ့ချီပြီး ကူညီထောက်ပံ့ခဲ့ပေမယ့် ထောင်နဲ့ချီတဲ့ အိုးမဲ့အိမ်မဲ့ဒေသခံတွေဟာ အမိုးအကာနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတွေ မလုံလောက်တာကြောင့် လူသားချင်းစာနာမှုဆိုင်ရာကပ်ဘေး မဖြစ်အောင်လို့ အကူအညီနဲ့ ရန်ပုံငွေ ထပ်တိုးထောက်ပံ့ဖို့ လိုအပ်နေတယ်လို့ သတိပေးထားပါတယ်။