တပတ်တာနွေဦးပုံရိပ်လွှာ

“မြန်မာ့တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်”

ဒီတကြောင်းနဲ့တင်ဆက်မဖတ်တော့ဖို့အကြောင်းပြချက်လုံလောက်ပြီလို့တော့မတွေးစေချင်။သမိုင်းဝင် စကားလုံးတွေမို့ မှတ်တမ်းတင်ရတာပါ။သမိုင်းဝင်ဆို ပြောသူကလည်း သမိုင်းဝင်လောက်တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးကိုး…။
ကောင်းသော ကမ္ဘာကျော်ခြင်းတော့မဟုတ်ဘူးပေါ့။သူ့စကားကမဆုံးသေးဘူး။

“ပြည်သူလူထု၏ နေအိမ်များအား မိမိတို့က မီးရှို့ဖျက်ဆီးသည်ဟူသော အချက်ကို မိမိအနေဖြင့် လုံး ဝငြင်းဆိုပါသည်”

သမိုင်းဝင်တဲ့အပြင် စွပ်စွဲချက်တခုအပေါ် ရဲရဲတောက် တုံ့ပြန်ရာလည်းရောက်တဲ့ ဒီလိုစကားမျိုးကို ပြော သူက အခြားသူတော့မဟုတ်..။အပြောကတော့ ရွှေမန်းလို့ဆိုရမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်….။

ဒေသတခုလုံး ညှော်နံ့သင်းနေတဲ့ စစ်ကိုင်း၊မကွေး အညာလွင်ပြင်၊မြို့လုံးကျွတ်ပြာပုံဖြစ်သွားတဲ့ ချင်း တောင်ပေါ်က ထန်တလန်၊ကရင်နီပြည်က ဒီးမော့ဆို စတဲ့ ဒေသတွေကို မျက်စိရှေ့ထားပြီး ဒီလို ပြောနိုင်ဖို့ ဆိုတာ တော်ရုံမျက်နှာပြောင်တိုက်တတ်ရုံလောက်နဲ့ ရမှာမှမဟုတ်တာ….။

ဟုတ်တယ်၊အခုနေမြန်မာတနိုင်ငံလုံးက စစ်တပ်မီးရှို့သွားလို့ အိမ်မရှိတော့သူ တွေထွက်ခဲ့ဆိုပြီး တယောက် နဖူးတချက်တောက်ခိုင်းရင်တောင် မင်းအောင်လှိုင်တယောက်ကျည်မလိုဘဲ ခေါင်းပွင့် လောက်တယ်မဟုတ်လား….။

ပိုရန်ကောလို့ထင်သူတွေအတွက် ထုတ်ပြစရာအချက်အလက်တွေလည်း အသင့်။၂၀၂၁ စက်တင်ဘာ ကစလို့ ၂၀၂၂ ဇူလိုင်လအထိ တနှစ်မပြည့်သေးတဲ့ကာလအတွင်းမှာတင် နိုင်ငံအနှံ့ စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့တဲ့ ပြည်သူ့နေအိမ် သုံးသောင်းကျော်သတဲ့…။

Burma Human Rights Network ဆိုတဲ့ လူ့အခွင့်အရေး အဖွဲ့က စစ်တမ်းကောက်ယူထား တဲ့အ ချက်အလက်ပါ။မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း အဲ့ဒီအဖွဲ့က ဆိုထားပါသေးတယ်။မြန်မာ့ မဟာဗျူ ဟာနှင့် မူဝါဒလေ့လာရေး(ISP)ဆိုတဲ့ အဖွဲ့ကတော့ဒီလိုဆိုတယ်။

လက်နက်ကိုင်ပဋိပက္ခတွေနဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဝင်ရောက်စီးနင်း မီးရှို့ခဲ့တာ တွေကြောင့် ဘာသာရေးအဆောက်အအုံတွေအပါအဝင် ဆုံးရှုံးခဲ့ရတဲ့ နေအိမ်၊အဆောက်အအုံ ၂၈၀၀၀ ကျော်ရှိပြီတဲ့…။

နွေဦးနဲ့ စစ်ခေါင်းဆောင်၊မင်းအောင်လှိုင်နဲ့ အာဏာရှင်တော်လှန်ရေး ပြဒါးတလမ်း သံတလမ်းဆို ပေ မယ့် နွေဦးခရီးကြမ်းကာလထဲ ဘယ်သူတွေ ဘယ်ခြေလှမ်း လှမ်းခဲ့ကြတယ်ဆိုတာ ဖျောက်ဖျက်မရအောင် မှတ်တမ်းတင်ရတာပါ။

အထက်က စကားတွေကို မင်းအောင်လှိုင်က ဘယ်သူ့ကို ပြောသလဲဆိုတော့ စင်္ကာပူနိုင်ငံသူ နိုလင်း ဟေဇာကိုပါ…။အဲ့ဒီ စင်္ကာပူနိုင်ငံသူရဲ့ တာဝန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဆိုပေမယ့် ဒီတာ ဝန်နဲ့ရောက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံး မြန်မာပြည်ခရီးကတော့ မထူးခဲ့ပါဘူး။

ဘက်နှစ်ဘက် အကြိတ်အနယ် ဗိုလ်လုနေရတဲ့ ကြိုးဝိုင်းထဲ အလည်ရောက်ခဲ့တဲ့ နိုလင်းဟေဇာရဲ့ ခရီး စဉ်အပေါ် ဘယ်ဘက်ကမှ အကောင်းမမြင်ခဲ့ပါဘူး။သူ့ရဲ့ခရီးစဉ်ဟာ စစ်ကောင်စီနဲ့ ထိတွေ့ဖို့သာဖြစ်ပြီး တရား ဝင်မှုပေးဖို့ မဟုတ်ဘူးဆိုတာကြောင့် နေပြည်တော်က အာဏာရှင်တသိုက်က စာအရှည်ကြီးထုတ်ပြီး ရန်တွေ့ ပါတယ်။

NUG ကလည်း စစ်ကောင်စီနဲ့ထိတွေ့ပြီး ဝါဒဖြန့်စရာဖြစ်ခွင့်ပေးခဲ့လို့စိတ်ပျက်တယ်လို့ဆိုပါတယ်။ အဲ့ဒီ လိုဘယ်ဘက်ကမှ အကောင်းမမြင်တဲ့ ကုလ အထူး ကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကနေ တော်လှန်ရေး အောင် မြင်လိုတဲ့ ပြည်သူတွေအဖို့ ရှင်းလင်းပြတ်သားတဲ့ သတင်း စကားက တခုတည်းပါ။

လက်ရှိအချိန်အထိတော့ ကုလသမဂ္ဂအပါအဝင် ဘယ်ကမ္ဘာ့နိုင်ငံကမှ မြန်မာပြည်သူတွေရဲ့ခရောင်း လမ်းနေ့ရက်တွေကို ရပ်တန့်မပေးနိုင်ဘူး။ကိုယ်တိုင်ပဲ လုံ့လစိုက် အားထုတ်ကြရမယ်ဆိုတာပါ။မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေရဲ့ရှုမြင်ရပ်တည်ချက်တွေဟာ သွယ်ဝိုက်ထောက်ပံ့ပေးတယ်ဆိုပေမယ့် တ ကယ်အဆုံးအဖြတ်ပေးမှာကတော့ တော်လှန်ရေးအပေါ် ပြည်သူတွေရဲ့အားထည့်ပါဝင်မှုပါ။

ပြည်သူတွေကလည်း ဒီအချက်ကိုသိကြပါတယ်။ဒါကြောင့်ပဲ နွေဦးဟာ တနှစ်ခွဲကာလအတွင်း ပြည်သူ တွေပါဝင်မှုနဲ့ ဒီလောက်အထိ အမြင့်ပျံနိုင်ခဲ့တာဖြစ်တယ်။တခုတော့သတိပြုရမှာကပြည်သူပါဝင်မှု အား ကောင်းလေ နွေဦးဟာ မြန်မြန်အမြင့်ပျံနိုင်လေဆိုတာပါ။

စစ်အုပ်စုကလည်း ဒီအချက်ကိုသိတယ်။သိလို့လည်း ပြည်သူတွေ ကျပ်တည်းခက်ခဲနေအောင် နည်း ပေါင်းစုံနဲ့ တိုက်ခိုက်ထိုးနှက်နေတာဖြစ်တယ်။စစ်အုပ်စုဟာ နွေဦးနဲ့ပြည်သူကိုအဆက်ဖြတ်နိုင်ဖို့ အကြောက်တ ရားနဲ့ထိုးနှက်နေသလို၊စီးပွားရေးနဲ့လည်း ချွတ်ခြုံကျသွားအောင်တိုက်ခိုက်နေပါတယ်။

အခုကိုပဲ နွေဦးကို ခဏထား၊ဒီနေ့ဘာနဲ့စားရမလဲဆိုတဲ့ မိသားစုတွေက တဖြည်းဖြည်း များလာနေပါပြီ။ ဒီလိုအခက်အခဲအကျပ်အတည်းတွေကြားကပဲ နွေဦးဟာ ရုန်းထပျံသန်းနေရဆဲပါ။အသက်သွေးချွေးရင်းထား သူတွေကြောင့် အောင်ပွဲတွေလည်း ရှိနေဆဲပါ။

“တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်”လို့ ဆိုကြတယ်မဟုတ်လား။လက်လုပ်ဗုံးဆင်ရင်း၊မိုင်းစမ်း ရင်း၊ လက်နက်ထုတ်လုပ်စမ်းသပ်ရင်း ကြွေလွင့်ခဲ့ရသူတွေဟာ နွေဦးရဲ့ ဝမ်းနည်းခြင်းမှတ်တိုင်တွေဆိုရင် တိုက်ပွဲ အောင်မြင်မှုတွေဟာ နွေဦးရဲ့ အောင်ပွဲမှတ်တိုင်တွေဖြစ်တယ်။

ဖမ်းဆီးခံရ၊ညှင်းပန်းနှိပ်စက်ခံရ၊သတ်ဖြတ်ခံရတဲ့ မြို့ပြပျောက်ကြားတွေ၊သပိတ်အဖွဲ့ဝင်တွေဟာ ဝမ်း နည်းနာကျည်းစရာ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေဆိုရင် မြို့ပြကပျောက်ကြားတိုက်ခိုက်မှုတွေ၊ ဖောက်ခွဲမှုတွေ၊ အောင်မြင်တဲ့ သပိတ်လှုပ်ရှားမှုတွေဟာ နွေဦးရဲ့ ဂီတသံတွေဖြစ်တယ်။

သီတင်းပတ်တခုတည်းအနေနဲ့ ပြောရင် ဒီးမော့ဆို ငွေတောင်ရွာသစ်မှာ တော်လှန်ရေးအဖွဲ့တွေ ဆုတ်ခွာပေးလိုက်ရတာ၊စစ်ကိုင်းတံတားပေါ်မှာ ကြယ်တွေကြွေခဲ့ရတာ၊အညာလွင်ပြင်မှာ ပြည်သူတွေ အိမ်မီးရှို့ခံရ၊တိမ်းရှောင်နေကြရတာဟာ နွေဦးရဲ့ဒဏ်ရာတွေဆိုရင်…..။

ကော့ကရိတ်တိုက်ပွဲ၊နှမ်းခါးတိုက်ပွဲအပါအဝင် အညာလွင်ပြင်က တိုက်ပွဲတွေ၊ဒေါနမြေက ကော်ဘရာ တွေရဲ့ ကြံ့ကြံ့ခံ ရပ်တည်နေနိုင်မှုတွေဟာ နွေဦးရဲ့ အားတိုးဆေးတွေဖြစ်တယ်လို့သာဆိုရမှာပါ။နှမ်းခါး တိုက်ပွဲ အသာရမှုဟာ နွေဦးရဲ့ လက်ခမောင်းခတ်သံဆိုရင် တိုက်ပွဲမှာအထိနာလို့ စစ်တပ်က နှမ်းခါးရွာကို မီးတင်ရှိ့ တာဟာ နွေဦးရဲ့ မျက်ရည်စတွေပေါ့….။

မြက်ခင်းစိမ်းတွေပေါ်က လူ ၁၁ယောက် တဘက်စီ ကစားကြတဲ့ ဘောလုံးပွဲတွေမှာတောင် သူ့ဘက်၊ ကိုယ့်ဘက် အထိအခိုက် အပွန်းအပဲ့တွေ ရှိကြစမြဲပါ။နွေဦးဟာ လက်နက်အရာမှာ အောက်ကြေး အသင်း အနေနဲ့ fairplay ဆိုတာဘာမှန်းမသိတဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နေရတာမဟုတ်လား။

အဲ့ဒီမြက်ခင်းစိမ်းပေါ်က အနိုင်ရလိုဇောဟာ တခါတလေ မြက်ခင်းစိမ်းအပြင်ဘက်အထိ လွင့်ထွက်လာ တတ်တာကိုလည်း သတိပြုကြရမှာပါ။ဟင်္သာတက ၇၆နှစ်အရွယ် အမျိုုးသားကတော့ စားဝတ်နေရေး အခက် ကြောင့်ဒီသဘောတရားကို မေ့လျော့ခဲ့ပုံရပါတယ်။

မြို့ပြက ပြည်သူတွေ သတိပြုသင့်တဲ့ အဲ့ဒီအကြောင်းပြောရင်း ဒီတပတ် နှုတ်ဆက်ကြရအောင်ပါ။ ဟင်္သာတမြို့က ဦးတင်…။ဒန်ဝယ်၊ကြေးဝယ် ကော်ဘူးကော်ခွက်တွေကောက်တယ်။တခြားသူတွေ စွန့် ပစ်မယ့်၊အသုံးမလိုတော့တဲ့ အမှိုက်ဟာ သူ့အဖို့တော့ ဝမ်းစာဖြစ်တယ်။

ဦးတင် ကံဆိုးဖို့ဖြစ်လာတော့ ရဲစခန်းနားကအထုပ်တထုပ်ကို တွေ့တယ်။အဲ့ဒီလိုဟိုကသည်ကရတဲ့ အမှိုက်ထုပ်တွေကပဲ သူ့ဝမ်းမီးကိုငြိမ်းပေးနေတာမဟုတ်လား။ဒီတော့ ဦးတင် ကောက်ယူခဲ့တယ်။ ဘာပစ္စည်း ဆိုတာတော့ မသိနားမလည်ခဲ့။

ထုံးစံအတိုင်း ထုခွဲရောင်းချရမယ့်ပစ္စည်းလို့ပဲ ထင်မိလို့ ထုံးစံအတိုင်း လုပ်လိုက်ပေမယ့် ဒီတခါ ထုံးစံ အတိုင်းဖြစ်မလာခဲ့။ဝမ်းမီးငြှိမ်းပေးမယ့် အရာလို့ ဦးတင်ထင်ခဲ့တဲ့ အထုပ်က သူ့ကိုဇီဝိန်ချွေမယ့်အရာ ဖြစ်နေခဲ့ တယ်။ဒီတော့ ပေါက်ကွဲတယ်။ဦးတင်တယောက် ဝမ်းမီးငြိမ်းစရာမလိုတော့တဲ့ အရပ်ဆီ ခရီးထွက်ခဲ့ရ..။

ဒီလိုဝမ်းနည်းစရာ အဖြစ်မျိုးတွေ အရင်ကလည်း ကြားခဲ့ကြရပေမယ့် ဦးတင်ကတော့ မကြားမိခဲ့လေ သလား၊ဝမ်းရေးတွေးပူနေရလို့ မေ့လျော့ခဲ့သလားတော့ သူကိုယ်တိုင်ပဲ သိနိုင်တော့မှာပါ။

လက်ရှိအချိန်ဟာ နွေဦး ခရီးကြမ်းကာလဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးကာလဖြစ်ပါတယ်။ တော်လှန်သတိ၊တော်လှန် အသိနဲ့ နေ့တဓူဝကိစ္စတွေ ကို ဖြတ်သန်းကြဖို့ ဦးတင်က အသက်နဲ့ရင်းပြီး သတိ ပေးခဲ့တယ်လို့သာ ဆိုရတော့မှာပါ။

စစ်ကိုင်းတံတားပေါ်က ခရီးသွားတွေလို၊ကိုယ့်အိမ်ကိုယ့်ရာမှာနေရင်းထိခိုက်သေကြေရသူတွေလို ထိ ချင်ရာထိဆိုပြီး လက်နက်ကြီး၊လက်နက်ငယ်၊လေကြောင်းတိုက်ခိုက်မှုဘေးသင့်ရသူတွေနဲ့ ဦးတင်လိုအဖြစ်မျိုး နှိုင်းယှဉ်ဖို့ သင့်မသင့်ကတော့ တဦးချင်းစီရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုအပေါ် မူတည်ပါလိမ့်မယ်။