ဆောမြို့မှာ ဂစ်တာအိတ်လွယ်လာသူကို မောင်းပြန်လွယ်လာတယ်ထင်ပြီး ရဲစခန်းထဲက စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်လို့ လျှပ်စစ်မီးကြိုးတွေထိခိုက်ပြီး တရက်ကြာ မီးပြတ်တောက်ခဲ့တယ်လို့ ဒေသခံတွေ က DNA ကို ပြောပါတယ်။
“အဲ့ဒီညက မိတ်ဆွေအိမ်မှာ ညဘက်ဝတ်ပြုကြဖို့ ပြောထားလို့ ဂစ်တာအိတ်လွယ်ပြီး ဆိုင်ကယ်နဲ့ သွား တာ၊အဲ့ဒါမောင်းပြန်လွယ်လာတယ်လို့ထင်တာဖြစ်မယ်၊ရဲစခန်းထဲက ရမ်းပစ်လို့ ဆိုင်ကယ်မောင်း ပြေးခဲ့ရ တယ်လို့”ဖြစ်စဉ်ကို ကိုယ်တိုင် ကြုံတွေ့ ခဲ့ရတဲ့ ဆောမြို့ဒေသခံအမျိုးသား ကပြောပါတယ်။
အဲ့ဒီလို ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် မြို့တွင်း ဓာတ်အားဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီး ကြိုးတွေကိုထိခိုက်မိပြီး ဆောမြို့မှာ သြဂုတ် (၂၀)ရက်ညပိုင်းကနေ( ၂၁) ရက် ညနေပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်သွားတဲ့အတွက် မြို့နေပြည်သူတွေ အခက်တွေ့ခဲ့ကြရပြီး လျှပ်စစ်ဌာနက ထိခိုက်သွားတဲ့ မီးကြိုးတွေကိုပြန်ပြင်ပေးလို့ သြဂုတ် (၂၁) ရက် ညနေပိုင်းမှာတော့ လျှပ်စစ်မီး ပြန်အသုံးပြုခွင့်ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။