တရုတ်ကို တန်ပြန်ဖို့ တာဝေးပစ် ဒုံးကျည်တွေ ဖြန့်ကျက်ဖို့ စဉ်းစားနေတဲ့ ဂျပန်

တရုတ်အပေါ် တန်ပြန်တိုက်ခိုက်နိုင်စွမ်း မြှင့်တင်နိုင်ဖို့အတွက် ဂျပန်ဟာ တာဝေးပစ် ခရုဇ်ဒုံးကျည် အစင်း ၁,၀၀၀ ကို ဖြန့်ကျက်ဖို့ စဉ်းစားနေတယ်လို့ Yomiuri သတင်းစာက ဒီကနေ့ ဩဂုတ်လ ၂၁ရက်နေ့မှာ ဖော်ပြထားပါတယ်။

အဲဒီ ဒုံးကျည်တွေဟာ ကီလိုမီတာ (၁၀၀) ကနေ (၁,၀၀၀) အထိ အကွာအဝေးရောက်ရှိနိုင်အောင် တိုးချဲ့ဖို့ ပြုပြင်မွမ်းမံထားတဲ့ လက်နက်တွေပဲ ဖြစ်တယ်လို့ အစိုးရသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားတာပါ။

သင်္ဘော ဒါမှမဟုတ် လေယာဉ်ကနေ ပစ်လွှတ်ရမယ့် အဲဒီလက်နက်တွေဟာ တောင်ပိုင်း Nansei ကျွန်းတွေအနီးမှာ အဓိက တပ်ဖြန့်ချထားမှာ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့  ကမ်းရိုးတန်းဒေသတွေအထိ ရောက်ရှိနိုင်တယ်လို့ Yomiuri က ပြောဆိုထားပါတယ်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်တွေကတော့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း တုံ့ပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့သာ စစ်တပ်ကို အသုံးပြုနိုင်တယ်လို့ စစ်ပြီးခေတ် အခြေခံဥပဒေကို အဓိပ္ပါယ်ကောက်ထားတဲ့ ဂျပန်နိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း သူ့ရဲ့ စစ်ရေးအသုံးစရိတ်ကို မြှင့်တင်ခဲ့ပြီး ပိုမိုခိုင်မာတဲ့ မဟာဗျူဟာတွေကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံဟာ နိုင်ငံခြားမြေပေါ်ရှိ ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်ကန့်သတ်ချက်တွေထဲက တာဝေးပစ်ဒုံးကျည်တွေ ဖြန့်ကျက်ထားတာကိုတော့ ရှောင်ကြဉ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်ထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ လာရောက်လည်ပတ်ပြီးတဲ့နောက် ဒေသတွင်း တင်းမာမှုတွေဟာ အခုလအတွင်း ပိုပြီးမြင့်တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်ဟာ ထိုင်ဝမ်ကျွန်းအနီးနဲ့ ဂျပန်နိုင်ငံ သီးသန့်စီးပွားရေးဇုန်အတွင်းကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ သိရပါတယ်။