ကလေးမြို့အနောက်ဖက်က PDF စခန်းတစ်ခုကို စစ်တပ်က မီးရှို့ဖျက်ဆီးp

Photo-PDF Kalay

စစ်ကိုင်းတိုင်း၊ကလေးမြို့အနောက်ဖက် ဇီးချောင်းအနီးက PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က  ဒီကနေ့ သြဂုတ်လ (၁၆)ရက် မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PDF Kalay တပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

“သူတို့က ညကတည်းက စခန်းဝန်းကျင်ကို ရောက်နေတာထင်တယ်၊ မနက်ကျတော့ ရုတ်တရက် ဝင်စီး တယ်၊ ဘာပစ္စည်းမှမယူနိုင်ခဲ့ဘူး။ စခန်းမှာ မိုင်းအဖွဲ့ကလူတွေလောက်ပဲရှိတာ၊ကျန်တဲ့ရဲဘော်တွေက မရှိဘူး” လို့ စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းချိန်မှာ စခန်းထဲရှိနေတဲ့ အဲ့ဒီတပ်ဖွဲ့ဝင်က ပြောပါတယ်။

စခန်းမီးရှို့ဖျက်ဆီးခံရတာကြောင့် မိုင်းပစ္စည်းတချို့နဲ့အသုံးအဆောင်ပစ္စည်းတစ်ချို့ပျက်စီးဆုံးရှုံးခဲ့ပြီး စခန်း ထဲရှိနေတဲ့ တပ်ဖွဲ့ဝင်တွေကတော့ အချိန်မီတိမ်းရှောင်နိုင်ခဲ့လို့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

စခန်းနေရာကို မိုင်းကွင်းတွေလွတ်အောင်ရှောင်ပြီး ရောက်အောင်လာနိုင်တာဟာ လမ်းပြသူရှိတာကြောင့် ဖြစ်တယ်လို့ pdf kalay တပ်ဖွဲ့ဝင်တွေက ယူဆနေကြပါတယ်။ အဲ့ဒီလိုလမ်းပြသူဟာ  ဇူလိူင်လ ၂၈ ရက်နေ့က တော်လှန်ရေးဖုန်းကံစမ်းမဲလုပ်တဲ့အတွက် ဖမ်းဆီးခံရတဲ့ ကလေးမြို့ဒေသခံ ချစ်မင်းခန့် ဖြစ်နိုင်တယ်လို့ PDF kalay တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

“ဒီနေရာတွေကို သူရောက်ဖူးပြီးသားလေ၊မိုင်းကွင်းနေရာတွေကို ဘယ်လိုရှောင်ပြီးလာရမယ်ဆို တာ သိတယ်၊ လေးအိမ်စုက မီးရှို့ခံရတဲ့ အိမ်နှစ်လုံးဟာလည်း သူဝင်ထွက်စားသောက်နေတဲ့အိမ်တွေ” လို့ အဲ့ဒီ တပ်ဖွဲ့ဝင်ကဆိုပါတယ်။

ဖုန်းကံစမ်းမဲနဲ့ပတ်သက်ပြီး ကိုချစ်မင်းခန့်ကို စစ်ကောင်စီကဖမ်းဆီးပြီးနောက်သူနဲ့ ပတ်သက်ဖူးတဲ့ ကလေးမြို့ပေါ်က လူခုနစ်ဆယ်ကျော် နှစ်ရက်အတွင်း ဆက်တိုက်ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ PDF စခန်းကိုမီးရှို့ဖျက်ဆီးပြီးနောက် အပြန်လမ်းအနီးမှာရှိနေတဲ့ လေးအိမ်စုကျေးရွာက နေအိမ်နှစ်လုံးကိုလည်း မီးရိူ့ ဖျက်ဆီးခဲ့ပါသေးတယ်။ မီးရှို့ခံရတဲ့အိမ်တွေဟာ အိမ်ကြီးအိမ်ကောင်းတွေ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းဟာ လယ်တောထဲမှာ လယ်ထွန်နေတဲ့ ဦးဖိုးနီနှင့် ဦးအောင်ဌေးဝင်းတို့ကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဦးဖိုးနီနဲ့ ဦးအောင်ဌေးဝင်းဟာ သမီးယောက္ခမတော်စပ် ကြသူတွေဖြစ်ပြီး သူတို့ရုပ်အလောင်းတွေကိုတော့ ညနေပိုင်းမှာ ဒေသခံတွေက မီးသဂြိုလ်ပေးခဲ့ရပါတယ်။