ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ မြန်မာနိုင်ငံကို ပထမဆုံးလာရောက်

Photo – STRAITS TIMES

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဖြစ်သူ နိုလင်းဟေဇာဟာ ဩဂုတ်လ ၁၅ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တယ်လို့ AP သတင်းဌာနက ဒီကနေ့မှာ ဖော်ပြပါတယ်။ 

၂၀၂၁ခုနှစ် အောက်တိုဘာလမှာ ရာထူးခန့်အပ်ခံရပြီးကတည်းက နိုလင်းဟေဇာရဲ့ ပထမဆုံး မြန်မာခရီးစဉ် ဖြစ်ပါတယ်။ 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမဲ့ ခွင့်ပြုရေးနဲ့  ပဋိပက္ခအားလုံး ချက်ချင်းအဆုံးသတ်ရေး ကုလလုံခြုံရေးကောင်စီက တောင်းဆိုခဲ့ပြီးနောက် အခုခရီးစဉ် ပေါ်ပေါက်လာခဲ့တာပါ။

ကုလအထူးကိုယ်စားလှယ်ဟာ “ဆိုးရွားနေတဲ့ အခြေအနေတွေနဲ့ လက်ရှိစိုးရိမ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ သူ့ရဲ့လုပ်ပိုင်ခွင့်အရ တခြားဦးစားပေးကဏ္ဍတွေကိုပါ အာရုံစိုက်သွားမှာပါ” လို့ ကုလသမဂ္ဂဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့ပါတယ်။ 

ဒီခရီးစဉ်မှာ နိုလင်းဟေဇာအနေနဲ့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တွေ ဒါမှမဟုတ် ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှု ရှိ မရှိ ဆိုတာကိုတော့ Stephane Dujarricက မပြောခဲ့ပါဘူး။

စင်္ကာပူနိုင်ငံက အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ အသက် ၇၄နှစ်အရွယ် နိုလင်းဟေဇာဟာ အမျိုးသမီးတွေရဲ့ စီးပွားရေးဆိုင်ရာ တိုးတက်မှုကို အလေးထားတဲ့ UNIFEM ကို ၁၉၉၄ ကနေ ၂၀၀၇ ခုနှစ်အထိ ဦးဆောင်ခဲ့ပြီး  ၂၀၀၇ကနေ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင်ရဲ့ အမှုဆောင်အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းခဲ့ပါတယ်။