ကော့ကရိတ်မြို့တိုက်ခိုက်ခံရအပြီး စစ်ကောင်စီက ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ် နှစ်နှစ်အရွယ်ခလေးတဦး သေဆုံးပြီး ၊ လူခြောက်ဦးဒဏ်ရာရ

ဒီနေ့မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ ကော့ကရိတ်မြို့အတွင်းကို ကရင့်လက်နက်ကိုင် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ ကော့ကရိတ်အခြေစိုက် ၉၇ တပ်ကနေ ၁၃၀ မမ လက်နက်ကြီးတွေ နဲ့ အနီးအနားကျေးရွာတွေကို ဦးတည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ပစ်ခတ်ခဲ့ရာမှာ ရန်ကုတ် ၊ နောင်နိုင်းကုန်း ၊ သာယာကုန်း ၊ အံကောင်ကျေးရွာတွေဘက်ကို လက်နက်ကြီး ကျည်တွေကျခဲ့ပြီး အံကောင်ရွာက လူနေအိမ်(၂)လုံး ၊ ဆိုင်ကယ်(၂)စီး ထိခိုက်ပျက်စီးခဲ့ပြီး အသက်(၇၇)အရွယ် လူကြီးတဦး လက်နက်ကြီးအစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရန်ကုတ် ၊ နောင်နိုင်ကုန်းကျေးရွာတွေမှာလည်း ဒေသခံ မိသားစုဝင် (၅)ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၊ အသက်(၂)နှစ်အရွယ် ခလေးတဦး ဗိုက်ပွင့်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။