ကလေးမြို့တောင်ဘက်တကြောမှာ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေးတင်းမာနေတာကြောင့် ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်လာသူတွေ ပိုမိုများပြားလာပြီး အိမ်ငှားခတွေလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
မြို့ထဲရပ်ကွက်တွေမှာ ငှားမယ့်အိမ်တချို့ရှိပေမယ့် စျေးနူန်းက တလ ကျပ်တစ်သိန်းခွဲဝန်းကျင်ရှိတဲ့အပြင် သုံးလစာ၊ ခြောက်လစာ တစ်ခါတည်းပေးရတာမျိုးတွေဖြစ်နေလို့ စစ်ဘေးရှောင်တွေ အနေနဲ့ ငှားဖို့အဆင်မပြေဘူးလို့ ဆိုပါတယ်။
“ငှားဖို့သီးသန့်ဆောက်ထားတဲ့ အိမ်ခန်းလေးတွေက ငါးသောင်းတဲ့၊ အိမ်ခန်းက ကျဥ်းပြီး နေရာအနေထား သိပ်မကောင်းတော့ မိသားစု ၊ ကလေးတွေနဲ့ဆို အဆင်မပြေဘူး ၊ကိုယ်တွေက အမျိုးအိမ်တွေရှိလို့ သာ”လို့ စစ်ဘေးရှောင်လာတဲ့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
ကလေးနယ်တောင်ပိုင်း ကျေးရွာတွေဖြစ်တဲ့ ထောက်ကြံ့၊ ကြာအင်း အစရှိတဲ့ ရွာတွေက စစ်ဘေးရှောင် သူတွေဟာ ကလေးမြို့ပေါ်ကနီးစပ်ရာဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေထိုင်ကြပြီး အိမ်ငှားနေထိုင်သူတွေလည်း ရှိပါတယ်။
အဲ့ဒီလိုအိမ်ငှားနေထိုင်သူအရေအတွက် တိုးလာတာကြောင့် အိမ်ငှားရဖို့ခက်ခဲလာပြီး အိမ်ငှားခ တွေလည်း မြင့်တက်လာတာပါ။ မြို့တွင်းမကျတဲ့ အိမ်တွေတောင် အရင်က အိမ်ငှားခ ကျပ်လေး၊ ငါးသောင်းရှိခဲ့ရာက အခု ခုနစ်သောင်း ၊ ရှစ်သောင်းအထိ ဖြစ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့အနောက်ပိုင်း၊ တာဟန်းနဲ့စက်မူဇုံဘက်မှာ ငှားမယ့်အိမ်တွေရှိပေမယ့် အဲဒီနေရာ တွေမှာလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလေ့ရှိတာကြောင့် ငှားမယ့်သူ မရှိဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ကြာအင်းနဲ့ ထောက်ကြံ့ရွာတွေဟာ ကလေးမြို့နဲ့ ၁၅ မိုင်ဝန်းကျင်အကွာမှာရှိပြီး အိမ်ခြေ ခြောက်ရာခန့် အထိရှိတဲ့ ရွာတွေ ဖြစ်ပါတယ်။စစ်ဘေးရှောင်သူအများစုဟာ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတွေ ဖြစ်ပြီး အမျိုးသား အချို့သာ အိမ်နဲ့ အိမ်မွေးတရိစ္ဆာန်တွေကို စောင့်ရှောက်ဖို့ ရွာမှာဆက်နေကြတယ်လို့ သိရပါတယ်။
“ကိုယ့်အိမ်ကိုယ့်ရွာကိုတော့ ဘယ်သူကခွာချင်မှာလဲ။ ပြေးနိုင်တဲ့သူတွေပဲဆိုရင်တော့ ရွာမှာပဲကပ်နေမှာပေါ့။ ခုတော့ ကလေးငယ်ငယ်လေးရှိတော့ အသံတွေကြားတိုင်း ကလေးက လန့်နေတော့တာ။ ဒါကြောင့် တိုက်ပွဲ တွေစဖြစ်ကတည်းက မြို့ပေါ်မှာလာနေရတာ” လို့ စစ်ဘေးရှောင်ကလေးမိခင်တစ်ဦးကပြောပါတယ်။
အရင်က ကလေးမြို့ပေါ်မှာ နတ်ချောင်းဘက်က စစ်ဘေးရှောင်သူတွေသာရှိခဲ့ပြီးသြဂုတ်လ ဆန်းပိုင်းကစပြီး စစ်ရေးတင်းမာမှုမြင့်တက်လာတာကြောင့် ကလေးမြို့နဲ့ နတ်ချောင်းကြားက ထောက်ကြံ့၊ ကြာအင်း၊ သာယာ ကုန်းရွာက ပြည်သူတွေပါ စစ်ဘေးရှောင်လာကြတာဖြစ်ပါတယ်။
မြို့ပေါ်မှာ နေထိုင်စားသောက်ဖို့ ခက်ခဲနေတဲ့စစ်ဘေးရှောင်တချို့ကို မြို့တွင်းကဘုန်းတော်ကြီးကျောင်းတစ်ချို့မှာ လက်ခံကျွေးမွေးထားရပြီး လိုအပ်ချက်တွေကို မြို့တွင်းနေပြည်သူတွေနဲ့အနယ်နယ်အရပ်က လှူဒါန်းတဲ့ ပစ္စည်း အလှူငွေတွေနဲ့ ဖြည့်ဆည်းနေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကလေးမြို့ခံတစ်ဦး ကပြောပါတယ်။
စစ်ဘေးရှောင်တွေထဲမှာ နေအိမ်ငှားရမ်းဖို့ ခက်ခဲနေသူတွေလည်းရှိပြီး အဝတ်အစားက အစ အပိုမပါသူတွေ လည်းရှိတယ်လို့ သိရပါတယ်။