ရာထူးကဆင်းပေးခဲ့ရတဲ့ သီရိလင်္ကာသမ္မတဟောင်း ထိုင်းနိုင်ငံကို ယာယီနေထိုင်ဖို့ ရောက်ရှိလာ

Photo – Reuters

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပတ်ဆာဟာ ယာယီခိုလှုံဖို့အတွက် ဩဂုတ်လ ၁၁ ရက်နေ့မှာ  ထိုင်းနိုင်ငံကို ရောက်ရှိခဲ့တယ်လို့ မျက်မြင်သက်သေ ၃ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။ 

ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့လက လူထုဆန္ဒပြပွဲတွေကြောင့် သူ့ရဲ့ နိုင်ငံကနေ ထွက်ပြေးပြီးတဲ့နောက် ယာယီခိုလှုံနေထိုင်ဖို့ ကြိုးစားနေချိန် ထိုင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၁ ရက်နေ့က စင်္ကာပူနိုင်ငံကနေ ထွက်ခွာသွားပြီလို့ မြို့ပြလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ကြေငြာချက်ထုတ်ပြီးနောက်မှာ ရာဂျာပက်ဆာဟာ စင်ကာပူကနေ စင်းလုံးငှားလေယာဉ်နဲ့ ဘန်ကောက် ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာခဲ့တာပါ။

ရာဂျာပက်ဆာ ဟာ သူ့ရဲ့သမ္မတသက်တမ်းအလယ်လောက်မှာ နုတ်ထွက်ခဲ့တဲ့ ပထမဆုံး သီရိလင်္ကာ နိုင်ငံ့ အကြီးအကဲဖြစ်ပြီး တပ်မတော်အရာရှိဟောင်း တစ်ဦးဖြစ်ပါတယ်။ သူဟာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံဖို့ ရည်ရွယ်ချက် မရှိဘဲ ယာယီနေဖို့သာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။

“ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်ပြီး ယာယီနေထိုင်ဖို့ သဘောတူညီချက်ရှိပါတယ်၊ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့အချိန် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ရာဂျာပက်ဆာ အနေနဲ့ ပါ၀င်နိုင်မှာ အဟုတ်ဘူး” လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဩဂုတ်လ ၁၀ ရက်နေ့က သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကတော့ သီရိလင်္ကာအစိုးရဟာ ရာဂျာပက်ဆာရဲ့ ထိုင်းနိုင်ငံခရီးစဉ်ကို ထောက်ခံခဲ့ပြီး သမ္မတဟောင်းရဲ့ သံတမန်နိုင်ငံကူးလက်မှတ်ဟာ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိမှာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။