ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအစိုးရက လောင်စာဆီစျေးနှုန်းကို ၅၂ ရာခိုင်နှုန်းအထိ စံချိန်တင်တိုးမြှင့်ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီဆိုင်တွေမှာ လူတွေထောင်နဲ့ချီ ဝိုင်းအုံပြီး တန်းစီနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လောင်စာဆီစျေးနှုန်းပြန်ကျလာခဲ့ပေမယ့်လည်း ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ဆီဈေးက ၅၁ ဒဿမ ၇ ရာခိုင်နှုန်းနဲ့ ဒီဇယ်ဈေးက ၄၂ ဒဿမ ၅ ရာခိုင်နှုန်း တက်သွားတယ်လို့ အစိုးရက သြဂုတ် ၅ ရက်နေ့ ညသန်းခေါင်ယံမှာ ကြေညာခဲ့တာပါ။
မော်တော်ဆိုင်ကယ်စီးနင်းသူတွေဟာ ဈေးနှုန်းမတက်ခင်ကတည်းက နိုင်ငံအနှံ့ ဆီဆိုင်တွေဆီ ဆီဖြည့်ဖို့ အမြန်သွားရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် အရောင်းဆိုင်တချို့ပိတ်ထားတဲ့အတွက်ကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။
တိုးမြင့်လာတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ စိုက်ပျိုးရေးအတွက် ရေသွင်းရေထုတ်စက်တွေမှာ ဒီဇယ်ဆီအသုံးပြုနေရတဲ့ သန်းနဲ့ချီတဲ့ ဆင်းရဲနွမ်းပါးသူ သန်းပေါင်းများစွာကို ထိခိုက်စေမှာဖြစ်တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောဆိုပါတယ်။
“ခုလိုဆုံးဖြတ်ချက်ချဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွေက တွန်းအားပေးခဲ့တာဖြစ်ပါတယ်၊ ကမ္ဘာ့အခြေအနေအရ ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်လိုက်ရတာပါ၊ အခြေအနေ ပြန်လည်ကောင်းမွန်ရင် စက်သုံးဆီဈေးနှုန်းတွေလည်း ပြန်လည်ပြင်ဆင်သွားမှာပါ”လို့ စွမ်းအင်ဝန်ကြီး Nasru Hamid ကတော့ ပြေဆိုထားပါတယ်။
ယူကရိန်းစစ်ပွဲ စဖြစ်ပြီး နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စွမ်းအင်စျေးနှုန်းတွေမြင့်မားလာတာကြောင့် ဓာတ်အားပေးစက်ရုံတွေအတွက် လောင်စာဆီရရှိရေး ကြိုးပမ်းနေရတာပါ။ ဓာတ်အားပေးစက်ရုံစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းဟာ ထုတ်လုပ်မှု မဂ္ဂါဝပ် ၁,၅၀၀ ရှိတဲ့ ဒီဇယ်ဓာတ်အားပေးစက်ရုံတွေ ဖြစ်ကြပါတယ်။
မကြာသေးခင် သီတင်းပတ်အတွင်းမှာလည်း တစ်နေ့ကို ၁၃ နာရီအထိ လျှပ်စစ်မီးပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ရပါတယ်။
အဓိကအနေနဲ့ လူတွေဟာ Sylhet မြို့မှာရှိတဲ့ လောင်စာဆီအရောင်းဆိုင်တွေရှေ့မှာ စုပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တခြားမြို့တွေမှာလည်း အလားတူ ဆန္ဒပြမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။