မြ၀တီ မြို့တောင်ဘက် ဖလူး-ဝေါလေဒေသ အတွင်း ရှိ ရွှေအေးမြိုင်၊ ဝါးမီးထ၊ ဂျပန်အိမ်ယာ (အပစ်ရပ်လက်နက်ကိုင်မိသားစုများ အိမ်ယာ) နေရာတွေက ဒေသခံတွေဟာ စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရချိန် ကျန်ခဲ့တဲ့နေအိမ်တွေမှာ ပစ္စည်းတွေ ဖေါက်ထွင်းခိုးယူခံနေရတယ်လို့ စစ်ဘေးရှောင် အမျိုးသမီးတဦးက DNA ကိုပြောပါတယ်။
စစ်ရှောင်တွေနေတဲ့ အိမ်တွေ ၊ ကုန်စုံရောင်းတဲ့ ဆိုင်တွေ ဖေါက်ခံ ခိုးခံနေကြရတယ် ။ စစ်ကလည်းရှောင်နေရတယ် ။ သူခိုးမိတော့လည်း ဘာမှ လုပ်မရ ၊ အုပ်ချုပ်မယ့်သူက မရှိ ၊ ဝေါလေ ဂျပန်အိမ်ယာ ဘက်ရော ၊ ဝေါလေ ရပ်ကွက်တွေ လူမရှိ ထိုင်းဘက်ရှောင်နေကြတဲ့ သူတွေရဲ့ အိမ်တွေဘက်ရော ၊ ညတိုင်း သူခိုးက အဖွဲ့နဲ့ လှည့်ခိုးနေတယ် ။ ရွှေအေးမြိုင်ဘက် ၊ ဥကရိထဘက် ၊ ဝါးမီးထဘက်က ရွာသားအိမ်တွေလည်း အမွှေခံ ၊ အဖေါက်ခံကြရတယ် ။ ဝါးမီးထ နဲ့ ရွှေအေးမြိုင်ဘက်မှာက ကရင်အဖွဲ့တွေနဲ့ စစ်တပ်နဲ့က အခြေအနေ မအေးသေးတော့ ပြန်မနေရဲကြသေးဘူး ၊ စစ်ရှောင်နေရတာ သောင်ရင်းမြစ်ဘေးမှာပဲ နေနေကြတယ်”လို့ ပြောပါတယ်။
ဝေါလေ၊ဥကရိထ၊ရွှေအေးမြိုင် ၊ ဝါးမီးထ စတဲ့ဒေသတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ KTLA ကော်သူးလေတပ်မတော်နဲ့ ပူးပေါင်းအဖွဲ့တွေကြားမှာ ဇူလိုင်လအတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ထောင်ကျော်ဟာ ထိုင်း-မြန်မာနယ်စပ်ဘက်ကို စစ်ဘေးရှောင် ခိုလှုံနေကြရတာပါ ။
ဩဂုတ်လ လဆန်းပိုင်းမှာ ဝေါလေဒေသအတွင်း ထိပ်တိုက်ထိတွေ့တိုက်ပွဲတွေ မရှိပေမယ့် နှစ်ဖက်တပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ၊ ပျောက်ကျားပစ်ခတ်မှုတွေ ၊ ကျေးရွာနေအိမ်တွေထဲမှာ စခန်းချ ကင်းပုန်းဝပ် နေရာယူထားတာတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ နေရပ်ပြန်နေထိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ စစ်ဘေးရှောင်ကူညီနေသူတွေက မှတ်ချက်ပေးပါတယ်။