စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့ကနေ ကင်းလှည့်လာတဲ့ စစ်ကောင်စီယဉ်ကို သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာမှာ ယာဉ်ပေါ်ပါ စစ်သား ၇ ဦးလုံး သေဆုံးပြီး G-3 အမျိုးအစား သေနတ် ၆ လက် သိမ်း ဆည်ရရှိခဲ့တယ်လို့ တန့်ဆည်ပြည်သူ့ရဲဘော် အဖွဲ့ TPC က တာဝန်ရှိသူတစ်ဦးက DNA ကိုပြောပါတယ်။
“အင်အား ၇ ယောက်ပါ ရဲကားကို ကင်းပတ်ချိန် မြို့အထွက် စစ်ဆေးရေးဂိတ်နားမှာ ပစ်ခတ်ခဲ့တာပါ။ ၇ ယောက်လုံးသေတယ်လို့အတည်ပြုရရှိပြီး သေနတ် ၆ လက် ရရှိခဲ့ပါတယ်ဗျ” လို့ TPC က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်မှုကို တန့်ဆည်ပြည်သူ့ ရဲဘော် TPC နဲ့တန့်ဆည်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး TPC အဖွဲ့ဘက်က ရဲဘော်တွေဟာအထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်အတွင်းမှာလည်း စစ်ကိုင်းတိုင်းရဲ့ အခြားမြို့နယ်တွေနည်းတူ အကြမ်းဖက်လုပ်ငန်းတွေလုပ် ဆောင်နေပြီး ရွာတွေကို စစ်ကြောင်းထိုးတာ မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“တန့်ဆည် နယ်နဲ့ အနီးတဝိုက်က ရွာတွေကို သူတို့ ထုံးစံတိုင်း စစ်ကြောင်း ထိုးရင် ရွာတွေမီးရှို့တာ ပစ္စည်း ယူတာတွေ အကြမ်းဖက် လုပ်ရပ်တွေလုပ်ဆောင်ပါတယ် “ လို့ TPC က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထူထောင်ထားပြီး စစ်အုပ်ချုပ်ရေး ယန္တရားအောက်က ရုန်းထွက်နိုင်ရေး ကြိုးစားနေတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။