ကလေးမြို့နယ်မြောက်ပိုင်း၊ ရာဇဂြိုလ်ကျေးရွာကို အကြမ်းဖက်စစ်တပ် မီးရှို့

သြဂုတ်လ ၅ ရက်နေ့မနက်ပိုင်းမှာ ရာဇဂြိုလ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့တယ်လို့ ရာဇဂြိုလ်ရွာသားတစ်ဦးက DNA ကိုပြောပါတယ်။
” ကွက်သစ်ဖက်က အိမ်တွေကိုရှို့တာ။ ရွာမတိုက်ထဲက နှစ်ထပ်အိမ်ကြီးတစ်လုံးတော့ပါသွားတယ်။ အဲဒီ့အိမ်က ကလေးနာမည်ကို ဒလန်အဂ္ဂက နာမည်ပေးထားခဲ့လို့ ရှို့တာနေမှာ။ အိမ်ကောင်းကြီးရယ်။ စုစုပေါင်းဘယ်နှအိမ်လဲတော့ မသိရသေးဘူး။ လူတွေက တောထဲလွတ်ရာရှောင်နေကြရတယ်” လို့ ဆိုပါတယ်။
သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ရာဇဂြိုလ်လမ်းခွဲနဲ့ နှစ်မိုင်ဝန်းကျင်အကွာ ၅၅ မိုင်ကျေးရွာအနီးမှာ တမူးကနေ မိုင်းရှင်းဖို့ လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဒေသတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ကလေး – တမူး လမ်းမကြီး အနောက်ဘက် မှာရှိတဲ့ ရာဇဂြိုလ်ရွာကို စစ်ကြောင်းထိုးကာ ကွက်သစ်ဘက်က အိမ်တစ်ချို့ကို မီးရှို့ခဲ့ပြီး ရွာထဲကအိမ်တွေကို မွှေနောက်ကြတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ရာဇဂြိုလ်ကျေးရွာဟာ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ ကလေးနယ်မြောက်ပိုင်းကရွာကြီးတစ်ရွာဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတာကြောင့် ရာဇဂြိုလ်ကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာကို ပြေးနေကြရပါတယ်။
(ပုံအဟောင်းကို အသုံးပြုထားပါသည်။)