တာဝတိံသာက ဆိုက်ကားသမား (၀တ္ထုတို)


(၁)
“လူဆိုတာအမြဲ…ယုံကြည်ရာတစ်ခုအတွက်….အသက်ကိုတောင်စတေးကြတာပဲ…. မင်းရဲ့ဘဝမှာ… ဘာကို ယုံကြည်မလဲ…ယုံကြည်ရာတစ်ခုအတွက်…အဆုံးတိုင်လျှောက်လှမ်းပါ…တစ်နေ့တော့ရောက်မှာပါ”

PDFတွေ အားမာန်အပြည့်သံပြိုင်ဟဲနေကြတဲ့ ဗီဒီယိုကလစ်တစ်ခုကို တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)က သူတို့ Page မှာ တင်လိုက်တော့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကို ကျွန်တော် ပြန်လွမ်းသွားတယ်။ အဲဒီတုန်းက တပ်ရင်း(၁)၊ တပ်ရင်း(၂)ရယ်လို့ တပ်ရင်းတွေလည်း ခွဲမထားသေးပါဘူး။ တော်လှန်ရေးအင်အား စုတွေ တစ်စု တစ်စည်းတည်း စစ်ပညာတွေ သင်ကြားခဲ့ကြတာပေါ့။

သင်တန်းကွင်းနေရာက “ဝါးစခန်း”။
ဝါးရုံပင်တွေ ပတ်ပတ်လည်ဝိုင်းနေလို့ အလွယ်တကူပဲ “ဝါးစခန်း” ခေါ်လိုက်ကြတာပါပဲ။ “ဝါးခစန်း” မှာ (၁၅) ရက်ပဲ ကြာခဲ့တယ်။ သင်တန်းအရှိန်တက်နေချိန် သင်တန်းသားတွေနဲ့ သင်တန်းဆရာတွေ ပူးကပ်စီးဝင်ပြီး မာန်သွေးအတက်ကြွဆုံးအချိန်မှာပဲ အကြောင်းတစ်ခုကြောင့် “ဝါးစခန်း”ကို ရုတ်တရက်ကြီး စွန့်ခွာလိုက်ကြရ တယ်။ တကယ့်ကို ဆန့်ငင်ဟာတာကြီး။ ဇာတ်လမ်းအရှိန်ကောင်းတုန်း မီးပြတ်သွားသလိုပေါ့။

“ဒီကနေ့ညနေမှာပဲ သင်တန်းရပ်ပြီး စခန်းကိုစွန့်ခွာရမယ်” လို့ ကြေညာလိုက်တော့ လူအင်အားနှစ်ရာ ကျော်ကြီး ဟာ ကျွက်စီကျွက်စီနဲ့ စိတ်တွေ ပျက်ကုန်တော့တာပဲ။ အိပ်ရာတွေသိမ်း၊ အထုပ်အပိုးတွေပြင်၊ တဲတွေဖျက်ရင်း ဘယ်သူကစဆိုလိုက်တယ် မသိဘူး။ လေးဖြူရဲ့ ယုံကြည်ရာသီချင်းဟာ တစ်တောလုံးကို ဟိန်းထွက်သွားတော့ တယ်။ တစ်ယောက်နဲ့တစ်ယောက် သွေးစည်းမှုကလည်း ကျောက်ခဲများလို ခဲသိပ်နေတော့တယ်။

လက်တလောစိတ်ပျက်ရပေမဲ့ အားမလျှော့ဘူး ဆက်လျှောက်မယ်ဆိုတဲ့ စိတ်ဓာတ်ကို သီချင်းထဲ ထည့်ပြီး ဟစ်ကြွေးပစ်လိုက်ကြတော့တယ်။ ၂၀၂၁ ခုနှစ်၊ မေလ(၂၀)ရက် ညနေ(၄)နာရီအချိန်လောက်က ကမ္ဘာမြေ တစ်ခုခုတုန်ခါသွားခဲ့တယ်ဆိုရင် မြန်မာ-အိန္ဒိယနယ်စပ်တစ်ကြောက တမူးတော်လှန်ရေးအင်အားစုတွေ သံပြိုင်အော်ဟစ်လိုက်တဲ့ သီချင်းသံကြောင့်ပါပဲ။

ညနေမှောင်ရီပျိုးစမှာတော့ ဒေသခံလူမျိုးစုတွေရဲ့ လမ်းပြခေါ်ဆောင်မှုနောက် စစ်ကြောင်းအသီးသီးခွဲရင်း နှစ်ရာကျော်လူအုပ်ကြီးဟာ တပ်ဖျောက်နေကြရတော့တယ်။ ဘယ်အချိန်မှာ ဒီလူတွေပြန်စုစည်းပြီး သင်တန်း ပြန်စဖြစ်မလဲဆိုတာ အဲဒီတုန်းက ဘယ်သူမှလည်း ရေရေရာရာ မသိနိုင်ကြဘူးလေ။

(၂)
အခုတော့ “ဝါးစခန်း” ကို စွန့်ခွာလာခဲ့တာလည်း တစ်နှစ်ကျော်ကြာခဲ့ပြီ။ “ဝါးစခန်း” နေရာဟောင်းကိုလည်း ပြန်မသုံးဖြစ်တော့ဘူး။ နယ်မြေစိုးမိုးမှုတွေရရှိပြီး ကိုယ့်တပ်ရင်းနဲ့ ကိုယ့်သင်တန်းနဲ့ ဖြစ်သွားကြပြီ။ လူနှစ်ရာ ကျော်ကလည်း အဆဆပွားလို့ ရဲဘော်တွေလည်း များပြားခဲ့ပြီ။ တစ်စုတစ်စည်း တစ်နေရာတည်း မဟုတ်ကြ တော့။ ကိုယ့်တပ်ရင်းနဲ့ ကိုယ့်နယ်မြေနဲ့ ဖြစ်သွားကြပြီ။ တစ်ချို့ရဲဘော်တွေလည်း အမှန်တရားအတွက် အသက် တွေကို ပေးဆပ်သွားကြပြီပေါ့။

မှတ်မိသေးတယ်။ သင်တန်းစတက်ကြတော့ ရဲဘော်တွေဟာ စိတ်တွေ အလျဥ်လိုနေကြတာလေ။ အပြစ်မဲ့ ပြည်သူတွေအတွက် စစ်ခွေးတွေကို လက်စားပြန်ချေချင်တဲ့စိတ်တွေ များနေကြတာ။ မိကျောင်းသွားတွေ၊ ကြိုးတန်းဖြတ်ကျော်တာတွေ၊ ဘားတန်းခိုကူးတာတွေ၊ ဘာတွေညာတွေ အချိန်ကုန်မခံချင်ကြဘူး။ သေနတ် အဖြုတ်အတပ်နဲ့ သေနတ်ပစ်ပဲ လေ့ကျင့်ချင်ကြတာ။ သေနတ်ပစ်တတ်ရင်ပြီးရော။ ခွေးတွေကို သွားပစ်တော့မှာ တကဲကဲပေါ့။ စစ်ပညာနဲ့ အဝေးကြီးမှာရှိကြတဲ့ သာမန်ပြည်သူတွေဆိုတော့ စစ်ပညာကို အလေးထားရကောင်း မှန်း မသိကြဘူး။ ဒါမှမဟုတ် သိပေမဲ့ မခံချင်စိတ်၊ နာကြည်းစိတ်တွေများပြီး စိတ်လောကြတာလည်း ပါမှာပေါ့။ အများစုရင်ထဲမှာလည်း ဒီတော်လှန်ရေးကြီးက လေးငါးခြောက်လအတွင်း အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေကြ တာ။ တိုင်းပြည်တစ်ပြည်လုံးလည်း တော်လှန်ရေးစိတ်ဓာတ်တွေ အုံးအုံးထနေကြတာကိုး။

(၅)လပိုင်း ခြစ်ခြစ်တောက်နေပူကြီးထဲမှာ ချွေးတွေရွှဲသူရွှဲ၊ မူးလဲသူမူးလဲ ဒါပေမဲ့ ဇွဲကတော့ မလျှော့ကြဘူး။ သင်တန်းကလည်း တစ်နေကုန်ပေးတာဆိုတော့ စားချိန်နဲ့အိပ်ချိန်လေးပဲ နားကြရရှာတယ်။ ရဲဘော်တွေခမျာ အသားတွေလည်း မည်းသည်းလို့ပေါ့လေ။ နဂိုမည်းတဲ့ကောင်တွေက ပြောကြတယ်။ “ကျွန်တော်တို့ကျတော့ မည်းရုံတင်မကဘူး၊ ချိုးပါကပ်သွားတာ”တဲ့။ အရေးထဲ အရွှန်းကဖောက်ကြသေးတာ။ အသားမည်းလို့ ချိုးကပ် တာကတော့ ကပ်စမ်းပါစေလေ။ စစ်ခွေးတွေလို အဝီစိငရဲမှာ ချိုးမကပ်ရင်ပြီးရောပေါ့။

တော်လှန်ရေးတော်လှန်ရေးဆိုပြီး တစ်ကြောင်းတည်းသောစိတ်နဲ့ နေခဲ့ကြတုန်းကအချိန်တွေပေါ့။ ကြာလာတော့ ပိုပြီးချင့်ချိန်တတ်လာတယ်။ ချိန်ဆတတ်လာတယ်။ စောစောကလို ခံစားမှုဦးစားပေး လွန်းတာမျိုးတွေ မဟုတ် တော့။ ခံစားမှုနဲ့ ဉာဏ်ပညာကို ရောစပ်ပြီး ပိုကောင်းအောင်နေတတ်ခဲ့ကြပြီ။ ချိန်ချိန်ဆဆ ရှေ့ဆက်နိုင်မှ ရေရှည် ခရီးမှာ ပါနိုင်မယ်လေ။

လက်ဝှေ့ပွဲလို သုံးမိနစ်ထိုး နှစ်မိနစ်နားမဟုတ်။ MMA ပြိုင်ပွဲလို ငါးမိနစ်ထိုး နှစ်မိနစ်နားမဟုတ်။ သုံးချီမဟုတ်။ ငါးချီမဟုတ်။ ဘောလုံးပွဲလို မိနစ်ကိုးဆယ်ပွဲ ဖြစ်သွားပြီ။ အခြေအနေမပေးရင် မိနစ်ကိုးဆယ်ပွဲတွေ တစ်ရာသီ လုံး ကန်ရတော့မှာ။

(၃)
သင်တန်းတွေပြီးလို့ နေရာထိုင်ခင်းတွေ ပြင်ဆင်၊ တပ်စခန်းနေရာတွေ အထိုင်ကျတော့ အသွေးအသားနဲ့တည် ဆောက်ထားတဲ့မောင်တွေ အလွမ်းက တောင်းဆိုလာကြပြီလေ။ ကျန်ခဲ့သူကို လွမ်း၊ ချန်ခဲ့သူကို လွမ်းပေါ့။ အထူးသဖြင့် အိမ်ထောင်ရှိတဲ့မောင်တွေက ပိုဆိုးတာပေါ့။ အိမ်သူသက်ထားရဲ့ အငွေ့အသက်ကို ပွေ့ဖက်ချင်စိတ် တွေ တမ်းတလာတော့တယ်။

ပြေးဟယ်လွှားဟယ် ရုန်းဟယ်ကန်ဟယ် တရစပ်ကြီး လှုပ်ရှားနေရတုန်းက ဘယ်သတိရလိမ့်မလဲ။ တောင်ကို ကျော် တောကိုဖြတ် တစ်ရက်တာကြီးတွေ ခရီးနှင်နေတုန်းက မောတာနဲ့ ဆာတာပဲ လွှမ်းမိုးနေတာကိုး။ အိပ်ရာ အကျဉ်းအကျပ်တွေထဲ ညီအစ်ကိုရဲဘော်တွေ အပြွတ်အသိပ်အိပ်လို့ သူ့အလွမ်း ကိုယ့်အလွမ်း ဖလှယ်ရင်း အပန်းဖြေကြရတယ်။

အထိုင်ကျလို့ နားချိန်လေးတွေရတော့ သက်ဆိုင်ရာတပ်စခန်းတာဝန်ခံကို ခွင့်တောင်းပြီး အိမ်သူသက်ထားတွေနဲ့ ချိန်းပွဲကြီးတွေ ကျင်းပကြတော့တာပေါ့။ ကျနော်တို့အုပ်စုထဲ ပထမဆုံးလမ်းဖောက်သူက အလဲဗင်းဆိုတဲ့ ရဲဘော်ပေါ့။ မိုးရေးမြို့ထဲ ဘယ်ဟိုတယ်ကတော့ အခန်းယူလို့ရတယ်လည်း ဆိုလိုက်ရော တစ်ယောက်တစ်လှည့် အခန်းယူလိုက်ကြတာ ပွဲတော်ကြီးကို ကျနေတော့တာပဲ။

ဟိုတယ်ဆိုလို့ မြန်မာပြည်ကြီးထဲက ဟိုတယ်တွေလို ခမ်းခမ်းနားနားကြီးတွေ မထင်လိုက်ပါနဲ့ဦး။ သာမန်တည်းခို ခန်းတွေကိုလည်း သူတို့က ဟိုတယ်လို့ ရေးထားကြတာပါပဲ။ နောက်ပြီးတော့ ရှိသေးတယ်။ လက်ဖက်ရည်ဆိုင် ကိုလည်း ဟိုတယ်လို့ ရေးတယ်။ စားသောက်ဆိုင်ကိုလည်း ဟိုတယ်လို့ရေးတယ်။ တစ်ခါသား ကျွန်တော်တို့ထဲ က ကင်ဂျုံအန်ဟာ ဘယ်သူ့ကိုမှ အသိမပေးဘဲ သူ့ကောင်မလက်ဆွဲပြီး ဟိုတယ် သွားတည်းတာတဲ့။ ဆိုင်းဘုတ် က ဟိုတယ်စကားလုံးမြင်ပြီး အခန်းရလားမေးတော့မှ စားသောက်ဆိုင် ဖြစ်နေတော့တာပေါ့။ ကျော်ချင်တဲ့ ကောင် ခံရပေါ့။ သူ ခိုးလုပ်တာလည်း လူမိသွားရော။

ခေါက်ရေစိပ်လာကြတော့လည်း ဟိုတယ်ခ မတတ်နိုင်ကြတော့ပြန်ဘူး။ ခေါက်ရေစိပ်ဆို တမူးမြို့နဲ့ မိုးရေးမြို့က ဝေးမှ မဝေးတာကိုး။ တွေ့ဖို့လည်း အခွင့်သာ၊ အသွားအလာလည်း လွယ်သေးတော့ ပိုက်ဆံက ကုန်ပြီပေါ့။ ကျနော်ကတော့ ချို့တဲ့တဲ့ ရဲဘော်လည်းဖြစ် နှစ်လသုံးလကြာလို့မှ မိသားစုတွေ ပြန်မဆုံရသေးဘူးဆိုရင် ဟိုတယ်ခ ကူညီပေးတယ်။ မုန့်ဖိုးပေးတယ်။ အရက်တိုက်ပေးလိုက်ရတာထက် ပိုကောင်းတဲ့ ခံစားချက်ကို ရတယ်။

သူတို့ မိန်းမတွေနဲ့အတူ သူတို့ ကလေးလေးတွေလည်း ပါလာတတ်တယ်။ တချို့ဆို အခါလည် ကလေးတွေ။ တချို့ဆို နှစ်နှစ်သုံးနှစ်အရွယ်လေးတွေ။ သူတို့အဖေရဲဘော်များ တစ်ခုခုဖြစ်ခဲ့ရင်လို့ တွေးလိုက်ရင် ခေါင်းတွေ မူးနောက်ပြီး မွန်းကျပ်ပိတ်ဆို့သွားတယ်။ အဲဒီအတွေးကို အမြန်ဖျောက်ရတယ်။ မဖြစ်လာသေးတဲ့ ခံစားနာကျင် မှုတွေကို ကြိုတင်မောင်းထုတ်ထားမှသာ နေလို့ရမှာ။

လောလောဆယ်တော့ ပင်ပန်းဒုက္ခတွေ ဘေးချိတ် ချစ်ရသူမိသားစုအရိပ်မှာ ခဏတာချွေးသိပ်ဖို့ လိုတယ်လေ။ မိန်းမနဲ့ပြန်မဆုံရသေးတဲ့ အိမ်ထောင်သည်ရဲဘော်တချို့ကိုလည်း အမြန်တွေ့သင့်တဲ့အကြောင်း တိုက်တွန်း ဖြစ် တယ်။ သမီးရည်းစားရှိတဲ့ ရဲဘော်တချို့ကိုလည်း ယူမယ်ဆို ယူပစ်လိုက်ဖို့ လောဆော်မိတာပဲ။ တကယ်လည်း ယူဖြစ်ကြပါတယ်။ စုံတွဲနှစ်တွဲကိုဆိုရင် ကျနော်ကိုယ်တိုင်ပဲ မင်္ဂလာဘိသိက်မြှောက်ပေးလိုက်တယ်။ နေ့မြင်ည ပျောက်ကာလကြီးမှာ ချစ်ခြင်းမေတ္တာဆိုတာ နောက်ကျလို့မှမကောင်းတာ။

(၄)
နယ်စပ်မျဉ်းတစ်လျှောက်က ရွာကလေးတွေမှာ တူနှစ်ကိုယ်နေလောက်တဲ့ အိမ်ကလေးတွေ ငှား။ ရှေ့တန်းကနေ ခွင့်ယူပြီး ချစ်ရသူနဲ့ ပြန်နားကြတာတွေ ရှိလာတယ်။ ဟိုတယ်မှာလို ပိုက်ဆံလည်း မကုန်။ ပြီးတော့ ကိုယ့်အိုး ကိုယ့်အိမ်ခံစားမှုမျိုး ပြန်ရတယ်လေ။

အိမ်ကလေးတစ်အိမ်ဆိုရင် ရဲဘော်စုံတွဲတွေကို တော်တော်ဧည့်ခံပေးတယ်။ ပိုင်ရှင်မိသားစုက တစ်လမှာ တစ်ခါ ရယ်တောင် လာတယ်မရှိတော့ အချိန်ရှိသရွေ့ အားနေတဲ့သဘော ဖြစ်နေတာပေါ့။ အိမ်ရှင်က ကျနော့်အသိ လူပျိုသိုးဆီမှာ အိမ်သော့အပ်ထားတာ။ လူပျိုသိုးက ကိုယ်ပြောလို့ရနေတဲ့သူ ဖြစ်နေတော့ အဲဒီအိမ်သော့က ကိုယ့်သော့ဖြစ်နေကရော။

ဒါကိုသိတဲ့ ဆာလောင်သူရဲဘော်မောင်တွေက ဖုန်းဆက်အကူအညီတောင်းကြတော့တာပေါ့။ အဲဒီကစ ကျနော့် မှာ စီစဉ်သူ မအေးအေးဝင်းကြီးကို ဖြစ်လို့။ ကျနော်ကလည်း မငြင်းပါဘူး။ စီစဉ်ပေးတယ်။ ပွဲချီနီးတဲ့ကောင် တွေဆို ခဏဆိုင်းငံ့ထားခိုင်းပြီး ပွဲချီဝေးတဲ့ကောင်တွေကို ဦးစားပေးရတာပေါ့။ သူများအိမ်ကို သန့်သန့်ရှင်းရှင်း ပြန်ထားပေးဖို့ မပျက်မကွက်မှာရသေးတာလဲ ပါပေသပေါ့။

 

ဒီလိုနဲ့ ကျနော့်မှာ အောင်သွယ်တော် ဖိုးရွှေလမင်း၊ သို့မဟုတ် စီစဉ်သူ မအေးအေးဝင်းကြီး ဖြစ်လို့နေရတယ်။
တစ်ညနေသားမှာတော့ ကျွန်တော်၊ ထွေကြီး၊ မျိုးကြီးတို့ မိုးအေးအေးကလေးထဲ ဝိုင်းဖွဲ့ဝေရီတုန်း ဒီအကြောင်း လေးတွေ ပြောဖြစ်တယ်။ မောင်ထွေကြီးက  ခေါင်းလေးမော့ ဆေးလိပ်ကလေးဖွာရင်း ကျနော်ပြောတာတွေ နားထောင်လို့ပေါ့။
“ငါ ဒီလောက် အောင်သွယ်ပေးနေတာ နောက်ဘဝကျရင် တာဝတိံသာမှာ သိကြားမင်းဖြစ်မလား မသိဘူး” လို့ ပြောမိတယ်။ ဒါကိုကြားတော့ ကျနော်တို့ပြောသမျှကိုသာ အမြဲနားထောင်လေ့ရှိတဲ့ မောင်မျိုးကြီးဆီက အသံ ထွက်လာပါရော။
“ မုံရွာမှာ ဆိုက်ကားသမားဖြစ်နေရင် ဘယ့်နှယ်လုပ်မလဲ” တဲ့။ မုံရွာသားက မုံရွာအထာ ပြောလိုက်တော့ ကိုယ့်ဖီလင်လေးတောင် ငုပ်သွားတယ်။ တာဝတိံသာမှာ သိကြားမင်းဖြစ်ဖြစ်၊ မုံရွာမှာ ဆိုက်ကားသမားဖြစ်ဖြစ် ချစ်သူတို့ အဆင်ပြေသွားတဲ့အခါ ကျနော် ပျော်ပါတယ်။

မောင်ဘိုဦး
၁၇.၇.၂၀၂၂