ဗမာကဗျာကိုရွေ့စေခဲ့တဲ့ မောင်သာနိုး

၁။

ဗမာကဗျာကို ပုဂံနှောင်းပိုင်းက စပြောရင် သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်နှစ်ပေါင်းရာချီမှာ အဆုံးသတ်ကာလများကုန်းဘောင် ၁၁ ဆက်၊ ထိုမှ မန္တလေးရတနာပုံခေတ်မှာ နိဂုံးတဖြတ် ချုပ်တယ်။

အင်္ဂလိပ်နယ်ချဲ့နှင့် ၃ကြိမ်တိုင်တိုင် ဆုံစည်းခဲ့တယ်။ ပထမကျူးကျော်စစ် (၁၈၂၆)၊ ဒုတိယ ကျူးကျော်စစ် (၁၈၅၂)နဲ့ တတိယကျူးကျော်စစ် (၁၈ ၈၅) တို့ ဖြစ်ပြီး ၁၈၈၅ မှာ တစ်နိုင်ငံလုံး သူ့ကျွန် ဘဝ ဆုံးဆုံးကျတယ်။ ဗမာဘုရင် ပါတော်မူတယ်။ ဗမာဘုရင်စနစ် အဆုံးသတ်တယ်။

အင်္ဂလိပ်ကိုလိုနီအဖြစ် နှစ်၁၀၀ ကျော်ခန့်၊ ဖက်ဆစ်ဂျပန်အောက် ၄ နှစ်ခန့်၊ ၁၉၄၈ လွတ်လပ် ရေးရတယ်။ ဖဆပလ ၁၀နှစ် အုပ်ချုပ်တယ်။ မဆလ ၂၆ နှစ်အုပ်ချုပ်တယ်။ နအဖ အုပ်ချုပ်မှု နှစ်၂၀ ကျော်၊အရပ်သားအစိုးရ ၁၀ နှစ်ခန့်မှ ယနေ့ကာလ စသဖြင့်။

ရာဇဝင်ရေးမှာ ကဗျာ(ခေါ် )လင်္ကာရဲ့ ရှင်မှုက လေးလုံးစပ်အခြေခံနဲ့ ကာရန်၊ နဘေအစဥ် အလာနဲ့ ကဗျာပုံသဏ္ဌာန် ၄၀ ကျော် အကြမ်းဖျဥ်း ဖြစ်တယ်။ အကြောင်းအရာတွေက အများအားဖြင့် မယ်ဘွဲ့၊ မောင်ဘွဲ့၊ ဘုန်းတော်ဘွဲ့၊ တောတောင်ဘွဲ့၊ မြို့ဘွဲ့၊ စစ်ချီဘွဲ့၊ ဧချင်း၊ ငိုချင်း၊ စစ်ဗျူဟာ၊ ဘုရား ဟောဇာတကများ၊ ဆေးကျမ်း ဗေဒင်ကျမ်း၊ အဂ္ဂိရတ်ပညာ ဒါတွေ ဖြစ်တယ်။ ပဒေသရာဇာရဲ့ လယ် သမား၊ ထန်းတက်သမားအကြောင်းတွေက ထူးခြားမှု ဖြစ်တယ်။ ရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေက အရသာ သီးသန့် ဖြစ်တယ်။

 

၂။

ဗမာကဗျာခေတ်သစ် ပထမကဗျာအရွေ့က သခင်ကိုယ်တော်မှိုင်းလို့ ယူဆတယ်။ ၁၉၂၁ ဝံသာနုခေတ် ဖြစ်တယ်။ ကိုလိုနီခေတ်ဖြစ်တယ်။ ပုံသဏ္ဌာန်က ရုပ်သေးစင်မှာသုံးတဲ့ လေးချိုးကို ဆန်း သစ်ချဲ့ထွင်တယ်။ မဟာလေးချိုးကြီးဖြစ်လာတယ်။ အကြောင်းအရာတွေက ဇာတိမာန်အပြင် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေး၊ လွတ် လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတွေ ဖြစ် တယ်။ ဗမာကဗျာရာဇဝင်တစ်လျှောက် မကိုင်တွယ်ခဲ့တဲ့အကြောင်းရာတွေမို့ ဆန်းသစ်တယ်။ ခေတ်ပေါ်ကဗျာအစ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကလို့ ဒဂုန်တာရာက ဆိုတယ်။

 

၃။

ဒုတိယကဗျာအရွေ့က ခေတ်စမ်းဖြစ်တယ်။ ၁၉၃၀ အလွန် ဂန္ထလောက ပါကဗျာတွေဟာ အရေးကြီးခဲ့တယ်။ တက္ကသိုလ်ပညာတတ် အဆောက်အအုံတွင်းကနေ ဦးဘေမောင်တင် ဦးဆောင်တဲ့ ခေတ်စမ်း၊ မော်ဒန်စာပေလှုပ်ရှားမှု ဖြစ်​ပေါ်တယ်။ မော်ဒန်လစ်ထရေချာစီးရီးအဖြစ် အမည်တပ်ပြီး ခေတ်စမ်းကဗျာကို ထုတ်တယ်။ ဇော်ဂျီ၊ မင်းသုဝဏ် ဖြစ်တယ်။ ပုံသဏ္ဌာန်က လေးလုံးစပ်အခြေခံပေ မဲ့ ပါဒတွေ ချုံ့တယ်။ စကားလုံးတွေဟာ လူထုသုံး ဖြစ်လာတယ်။ အကြောင်းအရာတွေက ဗမာကဗျာ သမိုင်းမှာ ပစ်ပယ်ထားခဲ့၊ ပြောလေ့မရှိတဲ့ သာမန် အကြောင်းအရာတွေ ဖြစ်တယ်။ ပိတောက်ပန်း၊ ကြောင်မနက်ပြာ စသဖြင့် ။

 

၄။

တတိယ ကဗျာအရွေ့က ၁၉၅၀၊ တာရာမဂ္ဂဇင်းနဲ့ စာပေသစ် ဖြစ်တယ်။ ဒဂုန်တာရာဖြစ်တယ်။ လက်ဝဲအခြေခံအတွေးအခေါ်ဖြစ်တယ်။ ပြည်သူ့စာပေအယူအဆ ဖြစ်တယ်။ အခြားနဲ့မတူတာက အနုပညာဇောင်းပေးသော လက်ဝဲအခြေခံမှု ဖြစ်တယ်။ ထူးခြားမှုက ကြည်အေးလို ကဗျာတွေပါ မွေး ဖွားတယ်။ ဒဂုန်တာရာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဆက်ခံတယ်။ အကြောင်းအရာပိုင်းအရ ပြည်သူ့ရေးရာ၊ သမိုင်းခေတ်ရေးရာခံစားမှုများ ဖြစ်တယ်။ ပုံသဏ္ဌာန်ကိုင်စွဲမှုဟာ လေးလုံးစပ် အခြေခံ တယ်။ထူးခြားမှုက ကာရန်ကစားတယ်၊ ချဲ့ထွင်တယ်။ စကား လုံးဆန်းသစ်တီထွင်တယ်၊ အစဥ်အလာ များစွာကို ဆန့်ကျင်တယ်။

 

၅။

စတုတ္ထကဗျာအရွေ့ကို ၁၉၆၈၊ ထင်ရှူးပင်ရိပ်နဲ့ မောင်သာနိုး ဖြစ်တယ်။ မရှေးမ နှောင်းမှာ မိုးဝေကဗျာတွေ လုပ်နေပြီ ဖြစ်တယ်။ ရှေ့မှာဒေါက်တာမောင်ဖြူးရဲ့ အဆုံးသတ်ကာရန်ယူပုံတွေ ရှိနေပြီ ဖြစ်တယ်။ ဒဂုန်တာရာရဲ့ တာရာမဂ္ဂဇင်းပါ ဘာသာပြန်ကဗျာတွေလည်း ရှိနေပြီဖြစ်တယ်။ ဇင်နိုးကြူး၊ သပြေညိုဝပ်ရှော့ခ်၊ အထက်ဗမာနိုင်ငံစာတမ်းများ။

ပြောရရင် ဗုဒ္ဓဟောသလိုပဲ ကိစ္စတစ်ခု ဖြစ်လာပြီ၊ ဖြစ်လာပြီဆိုရင် အကြောင်းက တစ်ခုတည်း မဟုတ်ဘူး၊ အကြောင်းပေါင်းများစွာ ဖြစ်တယ်။ လတ်တလောအကြောင်းရင်းနဲ့ အခြေခံအကြောင်း ရင်းရယ်လို့ ရှိတယ်။ ဆိုတဲ့စကားလိုပါပဲ ခေတ်သစ်ကဗျာဖြစ်လာဖို့ပါ အကြောင်းရင်းများစွာထဲကမှ အရေးကြီးပြီး ထင်ရှားတာက ထင်းရှူးပင်ရိပ် ဖြစ်တယ်။

ဗမာကဗျာမှာ ခေတ်ပေါ်၊ မော်ဒန်ကဗျာရယ်လို့ အတည်အတန့် ပြောဆိုတင်ပြလာကြပြီး၊ ရပ်ခံ ကြသူတွေထဲမှာ မောင်သာနိုးက တပ်ဦးက အမာခံဖြစ်တယ်။

၁၉၆၃၊ မောင်သိင်္ဂါအမည်နဲ့ရေးတဲ့ မောင်သာနိုးရဲ့ ‘မလင်းပြာ’ နဲ့ ‘ငါ့ပြည်သူ’ ကဗျာတွေဟာ ခေတ်ပေါ်ကဗျာရဲ့ ရှေ့ပြေးတွေထဲက ဖြစ်တယ်။ မောင်လေးအောင်ရဲ့ ဒီဇင်ဘာ ၂၀ တမ်းချင်း၊ ရဲဘော်သို့ ကဗျာကိုလည်း သတိရစရာ ဖြစ်တယ်။

 

မောင်သာနိုး ဘာသာပြန်ကဗျာဟန် (ထင်းရှူးပင်ရိပ်)အတိုင်း ရေးကြသူတွေနဲ့ မောင်သစ်တည် ဘာသာပြန်ကဗျာဟန်အတိုင်း ရေးကြသူတွေရယ်လို့လည်း သတိထားစရာ ဖြစ်တယ်။

ထင်းရှူးပင်ရိပ်ဟာ ရိုမန်တစ်ကဗျာတွေလို့ဆိုပေမဲ့ ဗမာကဗျာအတွက်တော့ အသစ်ဖြစ်တယ်။ ပုံသဏ္ဌာန်အားဖြင့် ဘာသာပြန်ကဗျာအတိုင်း စီကြတယ်။ ကာရန်ကို လုံးဝ စွန့်ကြတယ်။ ရမ်သမ်နဲ့ ရေး တယ်။ အကြောင်းအရာတွေက စုံလင်လာသလို နည်းစနစ်တွေလည်းသစ်တယ်။ ဆာရီရယ်လစ် အရေး အသားတွေ၊ သင်ကေတအရေးအသားတွေ။

ကျနော်တို့ကို ပြည်သူ့ကဗျာဝါဒရဲ့ တစ်ဖက်မှာအခြားသော နိုင်ငံတကာကဗျာဗေဒတွေ ရှိပါလား လို့ သိစေခဲ့တယ်။ မောင်သာနိုးဟာ ကဗျာဗေဒ၊ ဘာသာဗေဒ ပညာရှင်လည်းဖြစ်တယ်။ မန္တလေး ခတ်သစ်ကဗျာရဲ့ ပထမမျိုးဆက်လည်း ဖြစ်တယ်။

ဒါ့အပြင်မောင်သာနိုးရဲ့ ‘ဘောင်းဘီဝတ်မိုးတိမ်’ ဘာသာပြန်ကဗျာရှည်ရဲ့ သြဇာဟာ ဒီကနေ့ထိ ကြီးမားတာကိုလည်း ဝန်ခံဖို့ရှိပါတယ်။ သူ့စာပေကျေးဇူး၊ ကဗျာကျေးဇူးဟာ အင်မတန်ကြီးမား ပါ တယ်။

 

၆။

ပဥ္စမကဗျာအရွေ့ကတော့ ဇော်ဇော်အောင်၊ သစ္စာနီတို့ရဲ့  ၉၀အလွန် နိုင်ငံတကာ မော်ဒန်၊ ပို့စ် မော်ဒန်ဆိုင်ရာအရေးအသားများနဲ့ သရဖူမဂ္ဂဇင်း ဖြစ်တယ်။ နိုင်ငံတကာက ကဗျာဗေဒတွေကို ချိတ် ဆက်တင်ပြတယ်။ ဝေဖန်ရေးသီအိုရီသစ်တွေကိုင်စွဲပြီး ဗမာကဗျာအတွင်း စာသားစိစစ်မှုတွေ လုပ် တယ်။ သီအိုရီတွေ မိတ်ဆက်တယ်။

ပုံသဏ္ဌာန်တွေ၊ အကြောင်းအရာတွေက ဘယ်လို ဘယ်ကဲ့သို့ မှတ်ချက်ပေးဖို့ ခက်ခဲတယ်။ ဗမာကဗျာကို ပို့စ်မော်ဒန်သဘောတရားများနဲ့ ချိတ်ဆက်တယ်။ ကဗျာဆိုင်ရာ သိမှုအသစ်များကို ကဗျာလောကအတွင်း ဖြည့်တယ်။

 

၇။

ဆဌမကဗျာအရွေ့ကတော့ ဇေယျာလင်းနဲ့ ငြိဏ်းဝေ ဖြစ်တယ်။ ဘာသာစကားကဗျာနဲ့ ကွန်ဆက်ပ်ကျူရယ်ကဗျာတွေလို့ ပြောနိုင်မယ် ယူဆတယ်။

သို့သော် ဗမာကဗျာသစ် အားထုတ်မှုနဲ့ ပြန့်နှံ့မှုနဲ့ သက်ဝင်စီးဆင်းမှုမှာ ဇေယျာလင်းက ပိုမိုတယ်။ အလုပ်လုပ်မှုမှာပိုမို ကြီးမားသလို ကဗျာလောကအတွက် အကျိုးများတယ်။ ကျေးဇူး ဖြစ်တယ်။ (ဒါကိုတော့ နောင်မှာ အကျယ်ရေးပါမယ်။)

 

နိုင်ငံတကာခေတ်ပြိုင်ကဗျာအယူအဆတွေကို ပါမိတ်ဆက်တယ်။ ခေတ်သစ်ကဗျာ သဘော တရားတွေကို ကျေးဇူးပြုတယ်။

 

၈။

ဒါတွေဟာ ကျနော့်သိမှု၊ မြင်မှု၊ ယူဆမှုအကြမ်းဖြစ်တယ်။ အကျဥ်းဖြစ်တယ်။ ဖြည့်ရမှာ အများ ကြီး ဖြစ်တယ်။ ကျနော့် ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ မဆိုင်ဘဲ သမိုင်းအရှိတရားအဖြစ် ကျနော့် သိမှုရှိ သလောက်နဲ့ ချဥ်းကပ်ကြည့်တာ ဖြစ်တယ်။ ဒီနေရာမှာ နိုင်ငံရေး၊ အယူအဆရေးရာ ပြဿနာတွေထက် စာပေဂုဏ်နဲ့ ကျေးဇူးတရားကိုသာ ဇောင်းပေးဆင်ခြင်တယ်။

တကယ်ပြောမယ်ဆို ကိစ္စများစွာတိုင်းမှာသဘော တူတာတွေ၊ မတူတာတွေ သဘာဝကျစွာရှိ တယ်။ လောလောဆယ် ဒါပဲပြောပါမယ်။ဆရာမောင်သာနိုးကိုသတိရရင်းရေးတာဖြစ်တယ်။

ဒီသဘောထား၊ အမြင်တွေကို မှားရင်ပြင်ပြီး တည့်ကြဖို့ဖြစ်တယ်။ စာပေပညါရှင်တွေ၊ ကဗျာ ဗေဒ ပညာရှင်တွေ၊ သုတေသနသမားတွေ ပြင်ကြရမှာဖြစ်တယ်။

 

ဆရာမောင်သာနိုးကို

ဂါရဝပြုအပ်ပါတယ်။

 

sno