မြို့တော်ခန်းမဗုံးပေါက်ကွဲမှုအပြီး စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ လူငယ်နှစ်ဦးအနက်တစ်ဦးကျဆုံး

ရန်ကုန်မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်နှစ်ဦးအနက်က တစ်ဦးကျဆုံးခဲ့တယ်လို့ ကျဆုံးလူငယ်နဲ့နီးစပ်သူတွေက DNA ကို ပြောပါတယ်။
“ကျည်မှန် ဒဏ်ရာ ၊ သေနတ်ဒင်နဲ့ အထုအထောင်း ဒဏ်ရာတွေကြောင့် သွေးလွန်ပြီး အဲ့ဒီနေ့ကပဲ ကျဆုံးသွားတယ်လို့ သိရတယ်”လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်က ရန်ကုန်မြို့တော်ခန်းမရဲ့ စည်ပင်ဝင်ပေါက်ဂိတ်အနီးမှာ ဇူလိုင် ၃၀ရက်နေ့မနက် ၁၁နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။
အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီက (၃၇)လမ်း အောက်ဘလောက်၊ ကမ်းနားလမ်းနဲ့ ကုန်သည်လမ်းအကြားမှာ လူငယ်နှစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပြင် သေနတ်ဒင်နဲ့ထုရိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရတဲ့လူငယ်နှစ်ဦးဟာ ကိုမျိုးမင်းအောင်(ခ)ပိုးဟပ်ဖြူနဲ့ ကိုမိုးဝေတို့ဖြစ်ပြီး ကျဆုံးခဲ့တဲ့လူငယ်ဟာ ကိုမိုးဝေဖြစ်တယ်လို့လည်း အဲဒီနီးစပ်သူတွေက အတည်ပြုပြောပါတယ်။
ကိုမျိုးမင်းအောင်(ခ)ပိုးဟပ်ဖြူကတော့ ပစ်ခတ်ဖမ်းဆီးမှုကြောင့် ခြေထောက်မှာ ဒဏ်ရာရရှိထားပြီး ထုရိုက်နှိပ်စက်တဲ့ဒဏ်ရာတွေကြောင့် လက်တလောအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း သူတို့က ဆက်ပြောပါတယ်။