လူတဦး ပစ်ခတ်ခံရပြီးနောက် လူငယ်ရှစ်ဦး ဖမ်းဆီးခံရ

Photo-CJ
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ရှားခဲတိုက်နယ်မှာ စစ်တပ်သတင်းပေးလို့ စွတ်စွဲခံရသူတဦး သေနတ်နဲ့ ပစ်ခတ် ခံရပြီးနောက် အ​ကြမ်းဖက်စစ်တပ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
“သေနတ် မှန်တာဆိုတော့ ပြင်းတာပေါ့ လည်ပင်း နဲ့ ပုခုန်းကို နှစ်ချက် ရှပ်ထိတာ ၊သေလောက်တဲ့ ထိချက် မဟုတ် လို့ မသေတာ ခုတော့ ဟင်္သာတဆေးရုံကြီး မှာအတွင်း လူနာပေါ့ “လို့ ဆိုပါတယ်။
ကိုကျော်နိုင် ဆိုသူကို ဇူလိုင်လ ၃၁ ရက်နေ့ ည ၇နာရီလောက်က ပစ်ခတ်မှု ဖြစ်ပြီးနောက် အကြမ်းဖက်စစ်တပ်က ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကိုပိတ်ဆို့စစ်ဆေးပြီး ဆိုင်ကယ်စီးလာတဲ့ လူငယ် ၄ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် ဟင်္သာတမြို့ပေါ်ဒေသခံ ၂ ဦးနဲ့ ရှားခဲဒေသခံ ၂ ဦး တို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“မသင်္ကာလို့ ဖမ်းထားပြီး စစ်ဆေးတာမျိုး ဆိုပေမယ့် ပိုက်ဆံပေးမှ ပြန်လွတ်မှာ၊ လက် ကိုင်ဖုန်းကိုလည်း သိမ်းသွားတယ် “လို့ ပြောပါတယ်။
ကိုကျော်နိုင်ဟာ ဟင်္သာတမြို့နယ်နဲ့ ကျုံပျော်မြို့နယ်ကြား၊ ရှားခဲရွာရဲ့မလုံးတံတား နဲ့ ရှားခဲတိုက်နယ်ဆေးရုံအနီးက ကော့ကပ်လမ်းကြားမှာသေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာလို့ သိရပါတယ်။
ကျော်နိုင်ကို ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး တတိယမစ်ရှင်အဖြစ် ဧရာဝတီ STF အဖွဲ့က ပစ်ခတ် ရှင်းလင်းခဲ့တာလို့ ဧရာဝတီတိုင်းပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မြို့ပြစစ်ဆင်ရေး တာဝန်ခံ က သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှု နဲ့ ပတ်သက်ပြီး ကျုံပျော်မြို့ အခြေ စိုက် အကြမ်းဖက်စစ်တပ်က အင်အား ၆၀ လောက်နဲ့ ကျုံပျော် ၊အထောင်၊ ရှားခဲ ဒေသအတွင်းမှာ PDF တွေကို စစ်ကြောင်းထိုး ရှာဖွေ နေတယ်လို့သိရပါတယ်။