သူရဲကောင်းအာဇာနည်သတင်းထောက် သို့မဟုတ် ဗရော်နီကာဂူရင်

 

(လွတ်လပ်တဲ့အာရှအသံ RFA မှာ အလုပ်လုပ်စဥ် ၂၀၀၇ ခုနှစ်လောက်က ကျနော် အသံလွှင့်ခဲ့တဲ့ဆောင်းပါးပါ။ ကျနော်တို့နိုင်ငံမှာလည်း နွေဦးတော်လှန်ရေးအတွင်း ဗရော်နီကာတွေအများကြီးပါ။)

 

ဒီတစ်ပတ်မှာတော့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ကြံသတ်ဖြတ်ခံရသူ အိုင်ယာလန်နိုင်ငံ ဒီဘက် ခေတ်သမိုင်းမှာ သူတော်စင် Saint တဦး၊ အိုင်ယာလန်နိုင်ငံရဲ့တော်ဝင် မင်းသမီး Princess တစ်ပါး အဖြစ် အမွှန်းတင်ခံရသူ၊ အိုင်ယာလန်နိုင်ငံရဲ့ သူရဲကောင်းအာဇာနည်အဖြစ် အသတ်မှတ်ခံရသူ အမျိုးသမီးသတင်း‌ထောက်တစ်ဦးအကြောင်း တင်ပြလိုပါတယ်။

ဗရော်နီကာဂူရင် Veronica Guerin ဟာ အိုင်ယာလန်နိုင်ငံထုတ် စောင်ရေအများဆုံး ထိပ်တန်း သတင်းစာကြီး Sunday Independent မှာ မှုခင်းသတင်းတွေကို ရေးပါတယ်။ အဲဒီတုန်းက အိုင်ယာ လန်နိုင်ငံမှာ မူးယစ်ဆေးဂိုဏ်းတွေ ကြီးစိုး၊ အာဏာပိုင်တချို့နဲ့လည်း မကင်းဘဲ ထင်တိုင်းကြဲနေကြချိန်၊ မူးယစ်ဆေးဂိုဏ်းတွေဟာ ဘယ်သူ့ကိုမှ ဂရုမစိုက်၊ မူးယစ်ဆေးတွေကလည်း အလျှံပယ်၊ လမ်းပေါ်က ကလေးငယ်တွေကအစ မူးယစ်ဆေးသုံးစွဲတာ ရောင်းဝယ်တာနဲ့မစိမ်းကြ။ ကလေးငယ်တွေအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဗရော်နီကာခံစားရ၊ သူ့မှာလည်း လူမမယ်အရွယ် သားလေးတစ်ယောက် ရှိပါ တယ်။

အဲဒီအချိန်တုန်းက ဒီမူးယစ်ဆေးဂိုဏ်းတွေအကြောင်းကို သတင်းမီဒီယာတွေက ပွင့်ပွင့် လင်းလင်း မရေးရဲ မထိရဲ မတို့ရဲ လက်တွန့်နေကြချိန်။ ဗရော်နီကာကတော့ ဒါကို လက်မခံနိုင်ပါဘူး။ ဒါကြောင့် ဒီးမူးယစ်‌ဆေးဂိုဏ်းတွေအကြောင်း သူတို့ရဲ့လှုပ်ရှားမှုတွေအကြောင်း စုံစမ်းရေးသား ဖွင့်ချ ပါတော့တယ်။

ဗရော်နီကာရဲ့ Investigative Style ခေါ် စုံစမ်းစစ်ဆေးသတင်းရေးဟန်ဟာ ‘ခေါင်းမာမှု’နဲ့ ‘ဇွဲနပဲကြီးမှု’ တို့ ပေါင်းစပ်ထားတဲ’ဟန်’လို့ ဆိုကြပါတယ်။

တစ်ခါတစ်ခါကျရင် သူတွေ့ဆုံမေးမြန်းလိုသူက မေးမြန်း Interview ခွင့် မပြုမချင်း အဲဒီ အိမ် တံခါးဝမှာ နေ့ပေါင်းများစွာ ကျောက်ချ စောင့်ဆိုင်းပြီး မေးခွင့်ပြုချင်လာအောင် ကြိုးပမ်းတတ်သူ၊ ရဲအဖွဲ့ရဲ့မှတ်တမ်းတွေကို အားမကိုးဘဲ ကိုယ်တိုင် ရာဇဝတ်ဂိုဏ်းသားတွေနဲ့ တွေ့၊ သူတို့ကို ဖျောင်းဖျ စည်းရုံး၊ ဒီလို သတင်းရယူဖို့ စိတ်ထက်သန်သူလို့ ဆိုကြပါတယ်။

 

၁၉၉၄ ခုနှစ်တုန်းက ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းအကြောင်း သတင်းစာမှာ ဖွင့်ချလိုက်တဲ့အတွက် သူ့သားကလေး (၄ နှစ်အရွယ်)နဲ့ အိမ်မှာ ဆော့ကစားနေတုန်း သူ့အိမ်ကို ကျည်ဆံမိုးရွာသွားပါတယ်။ သူ့ကိုလည်း ရိုက်နှက်သွားပါတယ်။ ဗရော်နီကာက နောက်တွန့်မသွားပါဘူး။

နောက် ၂ လအကြာမှာလည်း သေနတ်သမားတစ်ယောက်က သူ့ခြေထောက်ကို သေနတ်နဲ့ အနီး ကပ် ပစ်ချိုးသွားပါတယ်။ ဆေးရုံတက် မနည်းကုသလိုက်ရပါတယ်။ ဆေးရုံကဆင်းပြန်တော့လည်း ဘယ်ရာဇဝတ်ဂိုဏ်းကမှ သူ့ကို ခြိမ်းခြောက်လို့မရကြောင်း ချိုင်းထောက်ကြီး တကားကားနဲ့ လှည့်လည်ကြွေးကြော်ခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံရဲ့ နာမည်ကြီး မူယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ John Gilligan ကို သွားရောက်တွေ့ဆုံတုန်းကဆိုရင် John Gilligan က ဗရော်နီကာရဲ့အင်္ကျီကို အတင်းဆွဲချွတ် အသံဖမ်း စက် ရှာ၊ နောက် သူ့ကို သွေးသံရဲရဲဖြစ်တဲ့အထိ ရိုက်နှက်ပါတယ်။ သူ့အကြောင်း သတင်းစာထဲမှာ ရေး ခဲ့မယ်ဆိုရင် သူ့ကိုလည်း သတ်မယ်၊ သူ့သားကိုလည်း ပြန်ပေးဆွဲပြီး အဓမ္မပြုကျင့်မယ် စသဖြင့် ခြိမ်း ခြောက်ပါတယ်။ ဗရော်နီကာကို ခြိမ်းခြောက်လို့မရပါဘူး။ ဒီမူးယစ်ဆေးဂိုဏ်းတွေအကြောင်း ဖွင့်ချမြဲ ဖွင့်ချနေတာပါပဲ။

၁၉၉၅ ခုနှစ် ဒီဇင်ဘာလမှာတော့ ဗရော်နီကာရဲ့ ရဲဝံ့မှု၊ သူ့အသံတိတ်သွားအောင် ခြိမ်းခြောက်မှု တွေကြားထဲက အသက်ဘေးကို ဂရုမစိုက်ဘဲ သတင်းသမားပီသမှုအတွက် နိုင်ငံတကာသတင်း လွတ် လပ်ခွင့်ကာကွယ်ရေးအဖွဲ့ကြီး CPJ က ဗရော်နီကာကို ဂုဏ်သိက္ခာကြီးမားတဲ့ အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်ဆုကြီးကို ချီးမြှင့်ပါတယ်။

ဆုချီးမြှင့်ပွဲမှာ ဒီဆုရလို့ သူဝမ်းသာပေမဲ့ တခြားဆုရရှိသူတွေဟာ ကျမထက်ပိုပြီး ထိုက်တန်သူ တွေပါလို့ သူ့ကိုသူ နှိမ်နှိမ်ချချ ပြောသွားပါတယ်။ ပြီးတော့ သတင်းသမားတွေ သတ်မယ်လို့ အခြိမ်း ခြောက်ခံရတာ သေနတ်နဲ့အပစ်ခံရတာတွေဟာ အိုင်ယာလန်နိုင်ငံမှာ ဆန်းတဲ့ကိစ္စ မဟုတ်တော့ ကြောင်း၊ ကလေးတွေရဲ့နောင်ရေးအတွက် သူလုပ်သင့်တာတွေကို သူလုပ်နေတာဖြစ်ကြောင်းလည်း ပြောပါတယ်။

ဗရော်နီကာနဲ့ မူးယစ်‌ဆေးဂိုဏ်းတွေ အကြီးအကျယ် ထိပ်တိုက်ရင်ဆိုင်တွေ့နေပါပြီ။ မူးယစ် ဆေးဂိုဏ်းတွေက သူကို ချောင်းနေပြီ။ သူ့ယောက်ျားကလည်း အတော် စိတ်ပူနေပြီ။ သူ့မှာ ၆ နှစ် အရွယ် ချစ်စရာသားလေးတစ်ယောက်လည်း ရှိနေတယ်။

ဆုရပြီး ၆ လအကြာ ၁၉၉၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာတော့ ဗရော်နီကာတစ်ယောက် ကား မောင်းပြီး အိမ်ပြန်လာပါတယ်။ မီးပွိုင့်မိလို့ ကားရပ်ထားတုန်း ယောက်ျားနဲ့ သားကလေးဆီ ရယ်ရယ် မောမောနဲ့ ဖုန်းဆက် လှမ်းစကားပြောနေချိန်၊ သူ့ကားအနီးကို ဆိုင်ကယ်တစ်စီး ကပ်လာပါတယ်။ ဆိုင်ကယ်နောက်မှာ ထိုင်လာသူက ဗရော်နီကာကို သေနတ်နဲ့ အချက်ပေါင်းများစွာ ရက်ရက်စက်စက် ပစ်ခတ်လုပ်ကြံလို ဗရော်နီကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဗရော်နီကာလုပ်ကြံအသတ်ဖြတ်ခံရတဲ့ကိစ္စဟာ အိုင်ယာလန်နိုင်ငံတင်မက ကမ္ဘာမှာပါ တုန်လှုပ် ခြောက်ခြားသွားရပါတယ်။ သူ့ကို ခုလို သတ်ဖြတ်တဲ့ကိစ္စဟာ လူတစ်ယောက်ကို တိုက်ခိုက်တာ သက်သက် မဟုတ်ဘဲ ‘ဒီမိုက‌ရေစီကို တိုက်ခိုက်မှု’အဖြစ် အိုင်ယာလန်ဝန်ကြီးချုပ် John Bruton က ကင်ပွန်းတပ်ခဲ့ပါတယ်။

ဗရော်နီကာအသတ်ခံရပြီးနောက် ရာဇဝတ်ဂိုဏ်းတွေကို အစိုးရက အပူတပြင်း လိုက်လံဖြိုခွဲ၊ ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်း၊ သူတို့ပိုင်ပစ္စည်းတွေကို သိမ်း၊ ရာဇဝတ်မှုနှိမ်နှင်းရေး ဥပေဒေတွေကို လည်း အရေးပေါ်ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီလိုနဲ့ အိုင်ယာလန်နိုင်ငံမှာ ရာဇဝတ်မှုတွေ သိသိသာသာ လျော့ ပါးသွားခဲ့ပါတယ်။

ဗရော်နီကာအသတ်ခံရတာ ဒဗ္ဗလင် Dublin မြို့ နေ့စ် Naas လမ်းမပေါ်မှာ။ သူ့အသုဘ အခမ်း အနားကို သူ့ခင်ပွန်းရယ်၊ အသက် ၆ နှစ်အရွယ် သူ့သားလေးရယ်နဲ့အတူ အိုင်ယာလန် သမ္မတ၊ ဝန်ကြီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လူထုကြီး တက်ရောက်ခဲ့ကြပါတယ်။ သူ့ရုပ်အလောင်း တင်လာတဲ့ မော်တော်ယဥ်ကို လူတန်းကြီး နှစ်တန်းက တဖက်တချက်မှာတန်းစီပြီး ဗရော်နီကာကို ဝမ်းနည်းကြေ ကွဲစွာ ဂါရဝပြုကြ နှုတ်ဆက်ကြပါတယ်။ အိုင်ယာလန် တစ်နိုင်ငံလုံး ကားတွေ ရထားတွေ လမ်းပေါ်က လူတွေ ဈေးသွားဈေးလာတွေ အားလုံး တိတ်ဆိတ်ငြိမ်သက်ပြီး ဗရော်နီကာကို အလေးပြုကြပါတယ်။

 

(ဆုံးတော့ ဗရော်နီကာဟာ အသက် ၃၈ နှစ်ပါ။ ဗရော်နီကာရဲ့အမှတ်တရဂုဏ်ပြုရုပ်တုကို ဒဗ္ဗလင်မြို့ ဒဗ္ဗလင်ရဲတိုက်ဥယျာဥ်မှာ ထုလုပ်ပြသထားပါတယ်။)

 

၀င်းနိုင်ဦး