(အခန်းတစ်)
ပါဝင်ကြမည့်ဇာတ်ကောင်များ။
အာဏာရှင်ကြင်စိုး၊ ကြင်စိုးကတော်ကြူကြူ၊ မင်းဆရာဂူအောင်းရသေ့ကြီး၊ မင်းတိုင်ပင်မန်ယူရသေ့ကြီး၊ ကြင်စိုးသားနှင့်သမီး၊ ကြင်စိုးတပည့်ဗိုလ်ချုပ်ဇော်မဲလုံး
ဇာတ်ခုံအပြင်အဆင်။
MAI တံဆိပ်ပါ လေယာဉ်ပျံပုံ ကားလိပ်ချထားစေ။
လေယာဉ်ပုံကားလိပ်ရှေ့တွင် အုန်းပွဲ၊ ငှက်ပျောပွဲ၊ ဖယောင်းတိုင်များ ပူဇော်ထားရန်။
ဘိုဖြူ၏ လပ်တီးသီချင်း တီးလုံးနှင့်အတူ LV တံဆိပ် ကျွတ်ကျွတ်အိတ်ကြီးကိုလွယ်ကာ ကြူကြူ ဝင်လာစေ။
ကြူကြူ ။ ကိုကိုကြင်..အကြူ လေယာဉ်ပေါ်တက်ခဲ့မယ်နော်..ကိုကိုကြင်..အကြူ လေယာဥ်ပေါ် တက်ခဲ့မယ်နော်။
လေယာဉ်ကားလိပ်နောက်မှ ကြင်စိုးထွက်လာ။
ကြင်စိုး။ နေပါဦး … ကြူရဲ့ … ကိုကိုကြင် မသွားသေးပါဘူး … လေယာဉ်မှူးလုပ်မယ့်ကောင်တွေက ဘယ်သူတွေလည်း ဝင်ကြည့်နေတာ။ ကျောင်းတုန်းက လေယာဉ်ဆီထုတ်ရောင်း ပျံသန်းချိန် လေ့ ကျင့်ချိန်ခိုးထားတဲ့ကောင်တွေ လေယာဉ်တက်မောင်းနေမှ ကိုကိုကြင်ရော ကြူကြူပါ မသာဖြစ်မယ့် အရေးတွေးမိလို့ပါ။
ကြူကြူ ။ အင်း..ဟုတ်ပါရဲ့နော်..ကြူကသာ သွားချင်ဇောလောနေတာ..ရသေ့ကြီးတွေတောင် ကြွမလာ ကြသေးပါလား။
ကြင်စိုး။ ဟေ့ကောင်မဲလုံး … မင်းက လေယာဉ်ပေါ် ဘာတက်လုပ်နေတာတုန်း … မင်းက ဒီမှာ နည်းနည်း အာဝါးရိုက်ဖို့ နေခဲ့ရမှာဟ…ဆင်းခဲ့။
ဇော်မဲလုံးက လေးဖက်ထောက်ကာ လေယာဉ်ကားလိပ်နောက်မှ ထွက်လာစေ။
ဇော်မဲလုံး။ အာ့ ကျ ကျ … မော်စကိုမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်ထင်လို့ပါ … အဘ။
ကြင်စိုး။ မင်းအမေကလွှား … မော်စကိုမှာ မင်းသတင်းစာရှင်းလင်းပွဲလုပ်တော့ … ဘယ်ကောင် တက်မှာလဲ … ဒီမှာလို ငါးထောင်ပေးပြီး ခွေးအမြီးဖြတ် မီဒီယာတံဆိပ်တပ်ခေါ်လို့ ရတယ်မှတ်နေ လားဟ … သွားစမ်းကွာ … မြန်မြန် … ငါ … တယ် … စိတ်မရှည်ရင် … စစ်ကိုင်းတို့ ဥကရစ်ထတို့ကို ဗျူဟာမှူးဆိုပြီး ထရန်စဖာချပစ်လိုက်ရ … သွား … သွား။
ဇော်မဲလုံးက အာ့ကျကျ သုံးကြိမ်အော်ကာ … ခပ်ကုပ်ကုပ်ဖြင့် ဇာတ်စင်နောက်ဝင်သွား။
ကြင်စိုး။ အဲ့ဒါသာ ကြည့်တော့ အကြူရေ … ကိုကိုကြင့် တပည့်တွေလည်း တစက်ကလေးမှ စိတ်ချမရဘူး။ တိုင်းရေးပြည်ရေးကလည်း … မအေးရတဲ့အထဲ … သူတို့က … အလိုက်ကမ်းဆိုး မသိတော့ခက်ပ … ဟော့ … ဟိုမှာ … ဘယ်သူတွေပါလိမ့် … ရသေ့ကြီးများ … ကြွလာတာလား
ကြူကြူ ။ ကိုကိုကြင်ကတော့ဖြင့်…DSA ကျောင်းတက်စကတည်းက ဝါးချင်နေတာ အခုထိပါပဲလား … မျက်မှန်တပ်ပြီး … သေချာကြည့်ပါရှင့် … သားနဲ့သမီးလာနေတာ။
ဖေဖေကြီး ဖေဖေကြီး ဖေဖေကြီးကိုချစ်တယ် တီးလုံးနှင့်အတူ ကြင်စိုး၏ သားနှင့်သမီး အလှအပများ ပြင်ဆင်ကာ ဝင်လာစေ။
ကြင်စိုးသားနှင့် သမီး။ ဖေ.ကြင်စိုး..ဖေကြင်စိုး..ဖေကြင်စိုးကို ချစ်တယ်။
ကြင်စိုး။ ကဲ … သားနဲ့သမီး ဘယ့်နဲ့ သွားခါနီးလာခါနီး … အရေးတကြီးလိုက်လာရသလား။
ကြင်စိုးသမီး။ ဒီမှာ … ဖေဖေတို့က အခု ကရင်မလင် ဆီသွားကြမှာဆို၊ ကရင်မလင် ဆိုတာ … လုံးသလား၊ ပြားသလား၊ ရှည်ရှည်လား၊တိုတိုလား … သိချင်လို့ သာမီးလည်းလိုက်မလို့။
ကြူကြူ။ အင်း … ဒီကောင်မလေး … ဘယ့်နှယ့်ဖြစ်ရပါလိမ့် … လင်သံကြားလို့မရပါလားဟဲ့ … ငါငယ်ငယ်ကဆို … လင် ဆိုတဲ့အသံကြားရင် … တော်လိုက်ပဲ။ ခုသွားမယ့် … ကရင်မလင်ဆိုတာ … ညည်းလိုချင်တဲ့ လင် မဟုတ်ဘူး … ကရင်မလင်နန်းတော်၊ ဆိုဗီယက်ဘုရင်ကြီး ငပူတင်းနေတဲ့ နန်းတော်ဟဲ့
ကြင်စိုးသား။ ဟင်..အဲဒါကြီးက နန်းတော်ဆိုတော့ တော်တော်ကျယ်လားဟင် … အတော်ပဲဖေဖေ … အဲဒီကိုရောက်ရင် ကရင်မလင်နန်းတော်ဆိုတာကြီးကို အဖေလုပ်နေကျအတိုင်း သိမ်းပြီး … သား နာမည်နဲ့လွှဲပေးနော် … သား … မာဆတ်ဖွင့်ချင်လို့ …
ကြင်စိုး။ အံမယ်လေးလေး … ကရင်မလင်နန်းတော်ကို မာဆတ်ဖွင့်ဦးမတဲ့။ အဖေ့ကို ကြိုးစင်ပေါ် ဓာတ်လှေကားနဲ့ပို့ပေးနေတဲ့ သားလိမ္မာလေးရဲ့။ အဲဒါကြီးက အဖေ သိမ်းချင်တိုင်းသိမ်းရအောင် ဒီနိုင်ငံက ပြည်သူတွေဟာမဟုတ်ဘူးကွဲ့။ အဲ့ဒါကြီး သွားသိမ်းရင် … သခင်ကြီးငပူတင်းက အဖေ့ကို တွတ်လိုက်မှာပေါ့ကွဲ့။
ကြင်စိုးသား။ ဟာဗျာ … အဖေတို့ကလည်း သိပ်စျေးကိုင်တာပဲ … ဒါဆိုလည်းပြီးရော … ဒါပဲနော် … ပြန်လာရင်တော့ တပ်မတော်မော်ကွန်းတိုက်ဆိုတာကြီးကို သားနာမည်နဲ့လွှဲပေး … အို ရွှေတိဂုံဘုရား ကြီးပါ လွှဲပေးဗျာ …
ကြူကြူ။ အံမယ်လေး … ရွှေတိဂုံစေတီကြီးတော့ ချမ်းသာပေးပါသားရယ် … မင်းအဖေမှာ တခုခုဆို ဒီဘုရားကြီးပေါ်မှာ ယတြာတက်တက်ချေနေရတာ … ငါ့သားလိုချင်တယ်ဆို … အင်းလေး ကန်ကြီးယူလိုက် … ဟုတ်လား
ကြင်စိုးသမီး။ အကိုကြီးကို အင်းလေးကန်ဆို သမီးက မန္တလေးနန်းတော်ယူမှာနော် … ဒါပဲ
ကြင်စိုး စိတ်ရှုပ်စွာဖြင့် ခေါင်းကုပ်နေစဉ် “လာပြီနော် … ငါ့ရဲဘော် … ဘယ်ညာ … ဘယ်ညာ” စစ်ချီတီးလုံးဖြင့် ဂူအောင်းရသေ့ကြီး ကြွလာ။
ကျန်သူများ လက်အုပ်ချီလိုက်ကြစေ။
ဂူအောင်း။ ဟေ့ … ငါ့ဒကာရဲဘော်ကြီးတို့ … မိသားစုလိုက် ဘာတွေများ ဝေခြမ်းရေးလုပ်နေကြ တာလဲ … ငါ့လှူဖို့လည်း ချန်ထားကြဦးဟေ့နော်
ကြင်စိုး။ တပည့်တော်ကတော့ဖြင့် … ဝေသန္တရာမင်းလို … ဇနီးနဲ့ သားသမီးနှစ်ယောက်ကို ကိုယ်တော်ကြီးဆီသာ လှူပြီး … ဘုရားဆုသာပန်လိုက်ချင်တာပဲဘုရား
ဂူအောင်း။ ဟေ့ … ဟေ့ … ဒါကြီးတွေတော့ အလှူမခံဘူးမောင် … တော်ကြာ ငါ့ကျောင်းတွေနဲ့ ဇိမ်ခံကားတွေပါ … သူတို့နာမည်နဲ့လွှဲခိုင်းနေရင်မခက်လား … သည်းခံလော့ … ဒကာတော် … ဒါနဲ့ … မင်းတို့ အဲရိုးပလိန်း လိုဂိုက ဘာတဲ့တုန်း ပရိသတ် … အမ်အေအိုင် ဆိုပါလား … အခုသွားမှာ သာသနာတော် ထွန်းကားပြန့်ပွားရေးခရီးစဉ်ကွ … အောအိုဗားသည်ဝေါ ကမ္ဘာနဲ့ချီ သာသနာပြု ပဂိုးဒါးအန်ဘရဲလား တင်မယ့်အလုပ် … ဘန်တလေလေယာဉ်ဖြစ်ဖြစ် … မာစီဒီးလေယာဉ်ဖြစ်ဖြစ်နဲ့မှ ငါပြုတဲ့ သာသနာဟာ တင့်တယ်မှာပေါ့
ကြင်စိုး။ တပည့်တော်တောင် လေယာဉ်ဆီဝယ်ဖို့ ရသမျှ ဒေါ်လာကြံဖန်လုနေရတာပါဖျား … ဒါမျိုးတံဆိပ် လေယာဉ်ပျံလည်း ပေါ်တယ် မကြားဖူးသေးပါ … တကယ်လို့ တပည့်တော်ရဲ့ စီမံကိန်း ဖြစ်တဲ့ လျှပ်စစ်လေယာဉ်ပျံတီထွင်ပြီးရင်တော့ … အရှင်ဘုရားအတွက် သီးသန့်လျှပ်စစ်ခုံကြီးနဲ့ ပင့်ပါ မယ့် ဘုရား …
ဂူအောင်း။ အိမ်း … အဲဒီကျ လျှပ်စစ်လေယာဉ်ပေါ်က လျှပ်စစ်ထိုင်ခုံကြီးမှာ ဒကာကြီးနဲ့ ကျုပ်… အတူတူ ထိုင်ကြတာပေါ့ … ဘယ့်နှယ့်လဲ … ပရိသတ် … အဲဒီအခါကျ … ဆရာနဲ့ဒကာ ဟန်ချက်ပိုညီသွား တာပေါ့ … သာဓု … သာဓု
ကြင်စိုး။ ဒါနဲ့ ရသေ့ကြီးတပည့် မန်ယူကိုယ်တော်ကြီးရော ကြွမလာသေးပါလား … လေယာဉ် ထွက်ချိန်တောင် နီးနေပါပေါ့
ဂူအောင်း။ လေဆိပ်အပြင်မှာ သူ့ဒကာတွေကို မာန်မဲပြီးလှူတာတွေ ယူနေမှာပေါ့လေ … ဟော့ … ပြောရင်း … စျာန်နဲ့ကြွ … လာပြီ … လာပြီ။
ကြက်ဖ၏ အရည်ထုတ်သီချင်းနှင့်အတူ ရွှေ့လျားလျှပ်စစ်ဝှီးချဲထိုင်ခုံကြီးဖြင့် မင်းတိုင်ပင် မန်ယူရသေ့ကြီးဝင်လာ။
မန်ယူ။ ဒကာကြီး ကျုပ် လိုက်ခွင့်ရှိလား။ လိုက်ခွင့်မရှိဘူးဆိုလည်း … အင်း … လိုက်မှာပဲနော်..သိလား။
ကြင်စိုး။ ရသေ့ကြီးကို စောင့်နေကြတာပါ … ကဲ … ဆရာဒကာ နှစ်လီလမ်းညီလို့ … ချာရာဏသီ တစ်ပြည်နန်းဆီသို့ … မြန်စွာမကွာ ဝဠာလှမ်းချီစို့ဗျာ … ဝရော … ဝရော … ဝူး။
“သဘာဝရဲ့ ရင်သွေးငယ်” တီးလုံးဖွင့်ကာ ကားလိပ်ချစေ။
…………………
(အခန်း နှစ်)
ပါဝင်ကြမည့်ဇာတ်ကောင်များ။
အာဏာရှင်ကြင်စိုး၊ ကြင်စိုးကတော်ကြူကြူ၊ မင်းဆရာဂူအောင်းရသေ့ကြီး၊ မင်းတိုင်ပင်မန်ယူရသေ့ကြီး
ဇာတ်ခုံအပြင်အဆင်။
မော်စကိုမြို့ ၊ လီနင်ကြေးရုပ်ကြီးပုံ ကားလိပ်ချစေ။
လီနင်ရုပ်ကြီး၏ ခွကြားအောက်တည့်တည့်တွင် ပါဝင်သူများတန်းစီရပ်နေစေ။
အားလုံး။ အောင်ပြီ…အောင်ပြီ..အောင်ပြီ။ (လက်သီးလက်မောင်းတန်းကာ သံပြိုင်အော်ကြ)
ဂူအောင်း။ ကဲ … အော်ရလွန်းလို့ … ဖင်လည်း လိပ်ခေါင်းထွက်တော့မယ် … မေးစမ်းပါရစေဦး … အခု … ကျုပ်စီမံတဲ့ … သာသနာပြု ပဂိုးဒါး အန်ဘရဲလားတင်ပွဲအောင်တာတော့ ဟုတ်ပါပြီ … ငါ့ဒကာကြီးရော … ငါရသေ့ကြီးရဲ့ ဘုန်းတန်ခိုးကို မှီပြီး … ဆိုဗီယက်ဘုရင် ငပူတင်းနဲ့ တွေ့ခဲ့ရရဲ့လား
ကြူကြူ။ ပူတင်သခင်က ယူကရိန်းစစ်ပွဲအတွက် လောက်စာလုံး လုံးနေရလို့ … မတွေ့ခဲ့ရပါဘူး … ရသေ့ကြီး
ဂူအောင်း။ အင်း … အရေးကြီးတာပေကိုး … ဒါဆိုဘယ်သူတွေနဲ့ တွေ့ခဲ့ရတုန်း
ကြင်စိုးက ဝင်ပြောရန်ပြင်စဉ် ကြူကြူက မျက်ရိပ်ပြကာ မပြောရန်တား။
ကြူကြူ။ ဟို… ဆယ်အိမ်စတန်သမ္မတနဲ့တော့ တွေ့ခွင့်ရခဲ့ပါတယ် … နှစ်နိုင်ငံချစ်ကြည်ရေး မဟာ မိတ်ဆိုင်ရာများ ဆွေးနွေးနိုင်ခဲ့ပါတယ် … ရသေ့ကြီး
ဂူအောင်း။ ဆယ်အိမ်စတန် … အင်း … နာမည်က တယ်ထူးဆန်းပါလား
ကြင်စိုး။ ဆန်းဆို ဆယ်အိမ်ပဲရှိတာကိုး … ဖျား
လျှာဝင်ရှည်လှချည်လားဆိုသည့် အမူအရာဖြင့် … ကြူကြူက ကြင်စိုး၏ ထိပ်ကိုခေါက်။
ဂူအောင်း။ နင့်မေကလွှား … ဆယ်အိမ်ရဲ့ သမ္မတဆိုတော့ … ဆယ်အိမ်ခေါင်းပေါ့ဟဲ့ … အင်းလေ … သာယာအေးချမ်းဖွံဖြိုးတိုးတက်နေတဲ့ ဆိုဗီယက်နိုင်ငံကြီးထဲက ပရက်စီးဒန့်အော့ဖ် ဆယ်အိမ်စတန်နဲ့ တွေ့ခဲ့ရတာဆိုပြီး သတင်းစာများက စာလုံးမည်းကြီးနဲ့ဖော်ပြကြရောမယ် … နောက်ကောကွဲ့
ကြင်စိုး။ အာကာသဆိုင်ရာလူကြီးနဲ့လည်း တပည့်တော်တွေ့ခဲ့ပါတယ်
ဂူအောင်း။ အိမ်း … ကောင်းလေစွ … ဒကာကြီးက အင်္ဂါဂြိုဟ်အထိ တပ်ပိုင်နယ်တွေ သိမ်းနိုင်တဲ့ အခါ … ကျုပ်လည်း … အင်္ဂါဂြိုဟ်ပေါ်မှာ ပဂိုးဒါးတွေတည်ပြီး သာသနာပြုရသေးတာပေါ့…
မန်ယူ။ အိမ်း … ကျုပ်လည်း … အင်္ဂါဂြိုဟ်က ဂြိုဟ်သားကလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ရတာပေါ့
ဂူအောင်း။ အင်း … လူပြည်က ကလေးတွေ မေးတာတောင်. … ဝေ့လည်ကြောင်ပတ်တွေ ဖြေ နေတာ … အင်္ဂါဂြိုဟ်က ဟာတွေမေးရင် … ပိုသောက်ရှက်ကွဲနေပါ့မယ် … ငါ့ရှင် … ကျုပ်ပဲ အရင် သာသနာပြုပါရစေ
မန်ယူ။ ဘာလဲ … အင်္ဂါဂြိုဟ်ကို ဘန်တလေဒုံးပျံကြီးနဲ့ ကြွပြီး … တရားပွဲကြွမလို့လား … ဟိုမှာ တော့ ဒီမှာလို ဖွတ်ကလိဒင်္ဂါး သိန်းရာချီရမယ်မထင်နဲ့ … ရသေ့ကြီး … ခေတ်ကုန်ပြီ”
ဂူအောင်း။ ဟိတ် … ဘာကွ …
မန်ယူ။ ဟိတ် … ညာကွ။
ဂူအောင်းနှင့် မန်ယူ ရန်စောင်နေကြစဉ် ကြင်စိုးထံ ဖုန်းဝင်လာ။
ကြင်စိုးက မျက်စိမျက်နှာပျက်ဖြင့် မြေပြင်တွင်ထိုင်ချ။
ကြင်စိုး။ ရသေ့ကြီးတို့ ရန်မဖြစ်ကြပါနဲ့တော့ … အင်္ဂါဂြိုဟ်လည်းသွားလို့ မရတော့ဘူး … ကျုပ်နဲ့တွေ့ ခဲ့တဲ့ အာကာသဆိုင်ရာလူကြီးလည်းအလုပ်ပြုတ်ပြီတဲ့ …
ကြူကြူ။ ဟင် … ဘယ်လိုဖြစ်တာလဲ … ကိုကိုကြင်
ကြင်စိုး။ ကိုကိုကြင်က သူ့ကို နျူကလီးယားဒုံးပျံတွေဝယ်မယ် … K Pay နဲ့ ရှင်းမယ်လို့ ပြောမိတယ် … အဲဒါကို အထက်ကိုတင်ပြလိုက်တာ … သူပါ အလုပ်ပြုတ်ရောတဲ့လေ။
ကြူကြူ။ အံမယ်လေး … ပြည်တွင်းမှာလည်း ဘာမှ နိုင်နိုင်နင်းနင်း မရှိ၊ ပြည်ပမှာလည်း အဖက်လုပ်မယ့်သူမရှိ … အကြွေးတွေကလည်း ဗလပွ … ကျုပ်တို့ ဘယ့်နှယ့်လုပ်ကြမလဲ … အံမယ်လေး … ရသေ့ကြီးတို့ … ဘုရား … ကယ်တော်မူကြပါဦး။
ဂူအောင်းရသေ့ကြီး ခြေရင်းသို့ ကြူကြူက ဦးခေါင်းတိုက်ကာလျှောက်တင်။
ဂူအောင်း။ မိကြူ … သူ့ကြွေးရှိရင် ရှော်ပစ်ရတယ်။
ရသေ့ကြီးအကြံကို ကြားသည်နှင့် ကြင်စိုးက ဝမ်းသာအားရ ကျွမ်းပစ်ကာ…ဇာတ်ခုံနောက်ဝင်သွားစေ။
“ဝေလာမျောက်ကြီး … ရှောက်သီးစားမလား” အလိုက်တီးလုံးဖြင့် ကားလိပ်ချ။
ပြဇာတ်ဆရာ မော်စကိုဒေါ်ချို
အမှတ် (၁၄) အင်းလျားလမ်း၊ ရန်ကုန်မြို့။