ကိုယ့်ကိုယ်ကိုယ် ချကျွေးရဲမှ နိုင်ငံရေးသမား လုပ်ပါ

 

ကိုယ့်ကိုယ်ကိုယ် ချကျွေးရဲမှ နိုင်ငံရေးသမား (politician) လုပ်ပါလို့ ဆိုချင်ပါတယ်။ အဲဒီအတွက် ပထမ ဦးဆုံး မေးရမှာက နိုင်ငံရေးလုပ်မယ့် နိုင်ငံရေးသမားတစ်ယောက်ဟာ အရေးကြီးရင် ကြီးသလို ကိုယ့်ကိုယ် ကိုယ် ချကျွေးရဲသလားဆိုတဲ့ ပုစ္ဆာကို အရင်ဖြေဆိုရပါလိမ့်မယ်။ ဒီအမေးကို ဖြေဖို့အတွက် (၁) နိုင်ငံရေးသမား၊ (၂) ဒီနေရာမှာ ဆိုလိုတဲ့ နိုင်ငံရေးသမားနဲ့ (၃) ကိုယ့်ကိုယ်ကိုယ် ချကျွေးခြင်းဆိုတဲ့ စကားလုံးတွေရဲ့ ဆိုလိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် (definition) တွေကို အရင်ဆုံး ဖော်ပြဖို့ လိုမယ် ထင်ပါတယ်။

(၁) နိုင်ငံရေးသမား

နိုင်ငံရေးသမားဆိုတဲ့ စကားလုံးရဲ့ သာမန် အဓိပ္ပာယ်ဖွင့်ဆိုချက်အတွက်တော့ “နိုင်ငံရေးသမားဟူသည် ပါတီနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်သူ၊ အရွေးချယ်ခံရပြီး အစိုးရအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်သူ၊ တိုင်းပြည်ကို အုပ်ချုပ်မယ့် ဥပဒေတွေကို လွှတ်တော်မှာ အဆိုပြုခြင်း၊ ထောက်ခံခြင်း၊ ပယ်ချခြင်း၊ ပြဋ္ဌာန်းခြင်းစတာတွေကို ဆောင်ရွက်သူ၊ အစိုးရအဖွဲ့ထဲမှာ နိုင်ငံရေးအာဏာကို ရယူဖို့ ကြိုးစားသူမှန်သမျှ မည်သူမဆို” ဆိုတဲ့ ဝိကီပီးဒီး ယားက ဖွင့်ဆိုချက်နဲ့တင် လုံလောက်ပါတယ်။

(၂) ဒီနေရာမှာ ဆိုလိုတဲ့ နိုင်ငံရေးသမား

ဒီနေရာမှာ ဆိုလိုတဲ့ နိုင်ငံရေးသမားရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ချကျွေးရဲတဲ့ နိုင်ငံရေးသမားပဲ ဖြစ်ပါတယ်။ အဲဒီအတွက် “ကိုယ့်ကိုယ်ကိုယ် ချကျွေးခြင်း” ဆိုတဲ့ စကားလုံးပုဒ်စုတွေရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြဆိုဖို့ လိုပါလိမ့်မယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ချကျွေးခြင်း

ဒီနေရာမှာ “ကိုယ့်ကိုယ်ကိုယ် ချကျွေးခြင်း”ဆိုတာက အသေခံရဲရုံမျှကို မဆိုလို။ လိုအပ်ရင် လိုအပ်သလို နိုင်ငံရေးရာထူးက နုတ်ထွက်ရဲတာ၊ သမိုင်းတရားခံအဖြစ် ခံရဲတာတွေကိုပါ ဆိုလိုပါတယ်။ အစိုးရအဖွဲ့မှာ နိုင်ငံ ရေးရာထူး ကြီးရင် ကြီးသလို သက်တော်စောင့်တွေ၊ အစောင့်တပ်တွေနဲ့ လုံခြုံရေးယူပေးရတာကို ကြည့်ရုံနဲ့တင် နိုင်ငံရေးလုပ်တဲ့ အလုပ်ဟာ အသက်အန္တရာယ်ရှိတဲ့ အလုပ်ဆိုတာကို သိနိုင်ပါတယ်။ အထူးသဖြင့် အာဏာရှင် နိုင်ငံတွေမှာဆိုရင် ဆန္ဒပြသူတွေအတွက် ဆန္ဒပြရုံနဲ့တွင် အသက်အန္တရာယ် ရှိတာမို့လို့၊ အသက်တွေလည်း အသတ်ခံနေကြရတာမို့လို့ နိုင်ငံရေးသမားတွေအတွက် အသက်အန္တရာယ်ကတော့ ပြောနေစရာကို လိုမယ် မထင်တော့ပါဘူး။ အဲဒါကြောင့် “အသက်အသေခံရဲရုံမျှကို မဆိုလို” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ အသက်အသေခံရဲပေမဲ့ “နိုင်ငံရေးရာထူးက နုတ်ထွက်ရဲဖို့နဲ့ သမိုင်းတရားခံ အဖြစ်ခံရဲဖို့ ဆို တာတွေကတော့ အင်မတန် မလွယ်ရေးချ မလွယ်လှတာပါပဲ။ ဒီအချက် ၂ ချက်ကို ပိုပြီး ရှင်းရှင်းလင်းလင်း နား လည်စေဖို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဥပမာပေးပြီး ပြဆိုကြည့်ချင် ပါတယ်။

ရှင်ဇိုအာဘေးရဲ့ နိုင်ငံရေးရာထူးက နုတ်ထွက်ရဲခြင်း

ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်း ရှိပါတယ်။ အဲဒီကျွန်းမှာ နေထိုင်ကြတဲ့ အိုကီနာဝါကျွန်းသူကျွန်းသားတွေကလည်း အဲဒီ အမေရိကန်စစ်အခြေစိုက်စခန်း ရှိနေတာကို လုံးဝ (လုံးဝ) မကြိုက်ကြပါဘူး။ အဲဒါကြောင့် ဒီအိုကီနာဝါ ကျွန်းသူကျွန်းသားတွေဟာ သူတို့ကျွန်းကနေ အမေရိကန် စစ် အခြေစိုက်စခန်း ထွက်ခွာသွားဖို့ အမြဲတစေ ဆန္ဒပြလေ့ရှိပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်း မရှိဖို့ အိုကီ နာဝါ ကျွန်းသူကျွန်းသားတွေ ပြင်းပြင်းထန်ထန် ဆန္ဒပြတာကို ဂျပန်ဝန်ကြီးချုပ်တိုင်းက ရင်ဆိုင်ခံရလေ့ ရှိပါ တယ်။ ဒီပြဿနာဟာ ဂျပန်မှာ တက်လာတဲ့ ဝန်ကြီးချုပ်တိုင်းအတွက် အင်မတန် ခေါင်းကိုက်ရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ရှင်ဇိုအာဘေးဟာ ပထမဆုံးအကြိမ် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ နောက် ပိုင်းမှာ သူဟာ ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်သွားပါတယ်။ အဲဒီအချိန်မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးကို အဓိက ထိုးနှက်တဲ့ တိုက်ခိုက်မှုတွေက အိုကီနာဝါကျွန်းကနေ အမေရိကန်စစ်အခြေစိုက်စခန်း ဖယ် ရှားပေးဖို့ တောင်းဆိုကြတဲ့ အိုကီနာဝါကျွန်းသူကျွန်းသားတွေရဲ့ ဆန္ဒပြမှုတွေလည်း ပါပါတယ်။ ဒါကို နိုင်ငံရေး အရ ပြောရရင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ နုတ်ထွက်မှုဟာ အမေရိကန်စစ်အခြေစိုက်စခန်း မဖယ်ရှားရ လေအောင် အိုကီနာဝါကျွန်းသူကျွန်းသားတွေကို အာရုံလွှဲမှုလေလားလို့လည်း တွေးစရာ ရှိပါတယ်။ တကယ်လို့ ဒီတွေးဆချက်သာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ရှင်ဇိုအာဘေးရဲ့ လုပ်ဆောင်မှုဟာ ဂျပန်နိုင်ငံအတွက်ရော အမေရိကန် နိုင်ငံအတွက်ပါ မှန်တယ်လို့ ပြောနိုင်ပါလိမ့်မယ်။ ဘာကြောင့်များပါလဲ။

ဂျပန်နိုင်ငံရဲ့ လက်ရှိ နယ်နိမိတ်ဟာ အာဏာရှင်နိုင်ငံ ၃ နိုင်ငံနဲ့ ထိစပ်နေပါတယ်။ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ ဖြစ်ပါတယ်။ အတိတ်မှာ အဲဒီ ၃ နိုင်ငံစလုံးကိုလည်း ဂျပန်က ကျူးကျော်တိုက်ခိုက်သိမ်း ပိုက်ဖူးပါတယ်။ ပြီးတော့ တရုတ်နဲ့ မြောက်ကိုရီးယားဟာ အခုအထိကို ဂျပန်နိုင်ငံအပေါ်မှာ မကျေမချမ်း ဖြစ်နေ ဆဲလည်း ဖြစ်ပါတယ်။ ရုရှားကတော့ လက်ရှိမှာကို ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်စစ် ဆင်နွှဲနေပါတယ်။ အဲဒီ ၃ နိုင်ငံနဲ့ နယ်မြေအငြင်းပွားမှုကလည်း ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ဂျပန်နိုင်ငံဟာ အဲဒီ ၃ နိုင်ငံက ရန်သူတွေလို့ သတ်မှတ်ထားတဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ မဟာမိတ်နိုင်ငံတစ်နိုင်ငံလည်း ဖြစ် ပါတယ်။ အဲဒါကြောင့် ဒီ ၃ နိုင်ငံဟာ ဂျပန်နိုင်ငံကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်တဲ့ အန္တရာယ် ရှိနေကြပါ တယ်။ ဒီအတွက်ကြောင့်ပဲ ပထဝီနိုင်ငံရေးအရ ဖြစ်စေ၊ ပထဝီစစ်ရေးအရ ဖြစ်စေ ဂျပန်နိုင်ငံဟာ အမေရိကန် စစ်အခြေစိုက်စခန်း ထားကိုထားရမယ့်နိုင်ငံ ဖြစ်နေပါတယ်။ ဒီအချက်ကို နိုင်ငံရေးသမားတိုင်းက (ဝါ) ဂျပန်နိုင်ငံ မှာ ဝန်ကြီးချုပ်ဖြစ်လာမယ့်သူတိုင်းက မဖြစ်မနေ နားလည်ထားရမယ့် သဘောဆောင်ပါတယ်။

ဒီမိုကရေစီစနစ်ဟူသည်ကလည်း ပြည်သူသည်သာ အခရာ၊ ပြည်သူကသာ အမှန်ဖြစ်ပါတယ်။ ပြည်သူ့ လက်ထဲမှာ အာဏာကလည်း အပြည့်အဝ ရှိနေရပါတယ်။ အဲဒါကြောင့် တိုင်းပြည်မှာ ပြည်သူနဲ့ နိုင်ငံရေးသမား တွေ လွန်ဆွဲကြတဲ့အခါ ပြည်သူကိုသာ အသာပေးကြရမြဲ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနစ်သာရ သဘော တရားလည်း မည်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီစနစ်အရ အိုကီနာဝါကျွန်းမှာ အိုကီနာဝါကျွန်းသူ ကျွန်းသား ပြည်သူတွေက သူတို့ကျွန်းကနေ အမေရိကန်စစ်အခြေစိုက်စခန်းက ထွက်ခွာသွားရေး ဆန္ဒပြမှုကို အမှန်အဖြစ် သတ်မှတ်ရပါမယ်။ အိုကီနာဝါကျွန်းသူကျွန်းသားပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောကြရပါမယ်။

တစ်ဖက်မှာလည်း မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားတို့က အန္တရာယ်ပေးနိုင်တဲ့ ကျူးကျော်တိုက်ခိုက် မယ့်ရန်ကနေ ဂျပန်နိုင်ငံက ကာကွယ်ရပါမယ်။ ဒီလိုကာကွယ်မှုကို အဓိကလုပ်ရမယ့်သူကလည်း ဂျပန်နိုင်ငံရေး သမားတွေ၊ အထူးသဖြင့် ဂျပန်ဝန်ကြီးချုပ်တွေပဲ ဖြစ်ပါတယ်။ ဒီလို ဒီမိုကရေစီသဘောတရားအရ ပြည်သူကို အမှန်အဖြစ်ထားပြီး အနိုင်ပေးရမှုနဲ့ နိုင်ငံက ကျရောက်မယ့် အန္တရာယ်အကြားမှာ ဘယ်အရာကို အနိုင်ပေးမလဲ ဆိုတာကတော့ နိုင်ငံရေးသမားတွေရဲ့ ဆုံးဖြတ်လုပ်ကိုင်နိုင်မှု ဖြစ်သွားပါပြီ။ တကယ့်ကို ဆုပ်လည်း စူး၊ စား လည်း ရူးရမယ့် အခြေအနေပါပဲ။

ဒီလို အခြေအနေမျိုးမှာ ဒီမိုကရေစီသဘောတရားအရ ပြည်သူတွေရဲ့ ဆန္ဒနဲ့လည်း မဆန့်ကျင်ရလေ အောင် ဆောင်ရွက်ရပါမယ်၊ ပြီးတော့ ပထဝီနိုင်ငံရေးအရ၊ ပထဝီစစ်ရေးအရ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်စစ်အခြေစိုက်စခန်းကိုလည်း ဆက်ထားရပါမယ်။ ဒီနေရာမှာ အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ကတော့ နိုင်ငံရေးအရ တာဝန်အရှိဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်က နိုင်ငံရေးရာထူးကနေ နုတ်ထွက်လိုက်တာပါပဲ။ အဲဒီလို နုတ်ထွက်လိုက်တဲ့အတွက် အိုကီနာဝါပြည်သူတွေရဲ့ တောင်းဆိုမှု ဖိအား (pressure) တွေနဲ့ ခံစားမှုတင်း အား (tension) တွေက တစ်နည်းတစ်ဖုံ လျော့ကျသွားမှာပါပဲ။ အိုကီနာဝါပြည်သူတွေရဲ့ ဆန္ဒကို အဓိက ဖြည့် ဆည်းပေးရမယ့်သူက ဂျပန်ဝန်ကြီးချုပ်ပါပဲ။ ဝန်ကြီးချုပ်က နုတ်ထွက်လိုက်ခြင်းအားဖြင့် အိုကီနာဝါ ပြည်သူ တွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးမယ့်သူက လစ်ဟာသွားပါမယ်။ ဒီနည်းနဲ့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်စစ်အခြေစိုက်စခန်း တည်ရှိမှုကို ဆက်ထိန်းထားနိုင်ပါတယ်။

အဲဒီတော့ အိုကီနာဝါကျွန်းက ပြည်သူတွေကလည်း အမေရိကန်စစ်အခြေစိုက်စခန်း ဖယ်ရှားပေးရေး အမြဲတစေ တောင်းဆိုနေမှာပါပဲ။ တက်လာတဲ့ ဂျပန်ဝန်ကြီးချုပ်တိုင်းကလည်း ဂျပန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်စစ်အခြေစိုက်စခန်းကို ဆက်ထားနေရမှာပါပဲ။ ဒီလို အခြေအနေမျိုးမှာ အထက်က ပြောခဲ့တဲ့ နည်း ထက် ပိုကောင်းတဲ့ နည်းရှိရင် ပိုကောင်းတဲ့ နည်းကို သုံး။ မရှိရင်တော့ အဲဒီအခိုက်အတန့်မှာ ရှိနေတဲ့ ဂျပန်ဝန် ကြီးချုပ်တိုင်းက နိုင်ငံအတွက် ကိုယ့်ကိုယ်ကို ချကျွေးတဲ့အနေနဲ့ နုတ်ထွက်လိုက်ကြဖို့ပါပဲ။

 

ဒေါ်အောင်ဆန်းစုကြည် သမိုင်းတရားခံအဖြစ်ခံခြင်း

၂၀၁၅ ရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီပါတီ အနိုင်ရပြီး တက်လာတယ်။ ၂၀၁၆ ကနေ ၂၀၂၀ အထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက တိုင်းပြည်ကို အုပ်ချုပ်တယ်။ ဒီကာလအတွင်းမှာ ရိုဟင်ဂျာပြည်သူတွေအပေါ် စစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်။ ဒီအတွက် အမေရိကန် အပါ အဝင် နိုင်ငံတကာက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာ အဓိကကျူးလွန်သူအဖြစ် စစ်တပ်ကို သတ်မှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တာဝန်ရှိသူအဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့  “ဆုပ်လည်း စူး၊ စားလည်း ရူး” ဆိုတဲ့ အခြေအနေကို လေ့လာကြည့်ပါမယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အန်အယ်လ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် အာဏာရပါတီမှာ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ပြီးတော့ အစိုးရအဖွဲ့မှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာ ဝန်ကြီးချုပ်အဆင့်ဖြစ်တဲ့အတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ်  ကျူးလွန်တဲ့လူမျိုးတုန်း သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်လို့ သတ်မှတ်လိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ သွားတဲ့ မြန်မာနိုင်ငံရဲ့ လက်တွေ့နိုင်ငံရေးအခင်းအကျင်းကိုလည်း လေ့လာကြည့်ရပါဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ အရပ်သားအစိုးရအဖွဲ့က စစ်တပ်ကို ထိန်းချုပ်ခွင့်၊ စီမံခန့်ခွဲခွင့် လုံးဝ မရှိပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ဟာ အရပ်သား အစိုးရရဲ့ အောက်မှာ ရှိမနေပါဘူး။ အဲဒါကြောင့် စစ်တပ်က သူ့အော်ပရေးရှင်းတွေကို သူ့စိတ်ကြိုက် စီမံခန့်ခွဲခွင့် ရှိနေပါတယ်။ ဒါက တစ်ချက် ဖြစ်ပါတယ်။

နောက်တစ်ခုက အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အရ စစ်တပ်နဲ့ ပြန်ပေါင်းထုပ်ရေး လုပ်ရ တာ ဖြစ်ပါတယ်။ အဲဒီခေါင်းစဉ်အရ စစ်တပ်နဲ့ ဆက်ဆံရေး အခြေအနေတွေ ပိုဆိုးမသွားအောင် ဒေါ်အောင်ဆန်း စုကြည်ဘက်က ကြိုးစားနေရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ် ဖြတ်မှုကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကို ဦးဆောင်သူဖြစ်နေတဲ့ အတွက် နိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလို ကျူးလွန်မှုတွေကို တားမြစ်ဖို့ တာဝန်ရှိတယ်လို့ သတ် မှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ရှိသူအဖြစ် သတ်မှတ်လိုက်ကြတာ ဖြစ်ပါတယ်။

ဒီကိစ္စဟာ တစ်ချိန်မှာ ဒီလို တာဝန်ရှိသူအဖြစ် သတ်မှတ်ခံလိမ့်မယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မသိ မဟုတ်၊ သိမှာပါပဲ။ အဲဒါဆိုရင် ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီလို အန္တရာယ်များတဲ့ ကိစ္စ မျိုးကို တာဝန်ဝင်ယူရတာလဲ။ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီတည်ဆောက်ရေး အတွက် သူ့ကိုယ်သူ ရင်းလိုက်တာပါပဲ။ “ဆုပ်လည်း စူး၊ စားလည်း ရူး”ဆိုတဲ့ ဒီလို အခြေအနေမျိုးမှာ ပင်မရေစီး ကြောင်းဖြစ်တဲ့ ဒီမိုကရေစီတည်ဆောက်ရေးကို ရှေးရှုပြီး စစ်တပ်ကို မပြောဘဲနေလိုက်တာကိုက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ယူရတော့တာပါပဲ။ တစ်နည်းအားဖြင့် ပြောရရင် အဲဒီလို နေလိုက်တာကိုက တာဝန်ရှိသူဖြစ်သွားပြီး သမိုင်းတရားခံလို ဖြစ်သွားတော့တာပါပဲ။ ဘယ်နိုင်ငံရေးသမားမှ မဖြစ်ချင်တဲ့ မဖြစ်ချင် ဆုံးအရာပါပဲ။ တစ်နည်းပြောရရင် နိုင်ငံရေးသမားတိုင်းက ကြောက်ကြတဲ့ အရာပါပဲ။ တကယ်လို့သာ ဒေါ်အောင် ဆန်းစုကြည်က ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ရေငုံနှုတ်ပိတ်မနေဘဲ စစ်တပ်ကို တားမြစ်ခဲ့မယ်၊ အပြစ် တင်ခဲ့မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်လာနိုင်မလဲ။ သေချာတာတစ်ခုက ရိုဟင်ဂျာလူမျိုးတွေတွင်မက တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံးက လူတွေကိုပါ ငဲ့ညှာမှုမရှိတဲ့၊ ဖက်ဆစ်စရိုက်ရှိနေတဲ့ စစ်တပ်က အဲဒီထက်ဆိုး တဲ့ အခြေအနေတစ်ခုဆီကို တွန်းပို့မှာ၊ ဖန်တီးမှာပါပဲ။ ဒါနဲ့ ပတ်သက်လို့ အကောင်းဆုံး အထောက်အထားက တော့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြီးပါပဲ။

အထက်ပါ သာဓကတွေကို လေ့လာကြည့်ရင် နိုင်ငံရေးသမားတစ်ယောက်ဟာ အရေးကြုံလာရင် ကိုယ့် ကိုယ်ကို ဘယ်လောက် ချကျွေးနိုင်သလဲဆိုတဲ့ မေးခွန်းထွက်လာပါတယ်။ လိုအပ်ရင် လိုအပ်သလို ရှင်ဇိုအာဘေး လို နုတ်ထွက်နိုင်သလား၊ ဒေါ်အောင်ဆန်းစုကြည်လို ကိုယ်တိုင်က မကျူးလွန်ခဲ့ပေမဲ့ သမိုင်းတရားခံအဖြစ် ကမ္ဘာ ကြီးက စွပ်စွဲပြစ်တင်လာမှာကို တာဝန်ယူနိုင်သလားဆိုတာ နိုင်ငံရေးသမားတွေက ကိုယ့်ကိုယ်ကိုယ် ပြန်မေး သင့်ပါတယ်။ အထူးသဖြင့် နွေဦးတော်လှန်ရေးကာလလို အရေးကြီးတဲ့ အချိန်မျိုးမှာ နိုင်ငံရေးသမားတွေက ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမယ့် မေးခွန်းတွေပါပဲ။

ဒီနွေဦးတော်လှန်ရေးမှာ အန်ယူဂျီဝန်ကြီးတွေအဖြစ် တာဝန်ယူထားတဲ့ နိုင်ငံရေးသမားတွေက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်လို့ လက်ရှိနိုင်ငံရေးရာထူးကနေ နုတ်ထွက်ရဲသလား၊ လက်နက်ကိုင်တော်လှန် ရေးမှာ အကြမ်းဖက်မှု (violence) ခေါင်းစဉ်နဲ့ သမိုင်းတရားခံလို ကမ္ဘာကြီးက စွပ်စွဲမှာကို ကြောက်နေရတဲ့ ဝန်ကြီးတွေ ဖြစ်နေကြသလား။ လက်ရှိမှာတော့ အန်ယူဂျီဝန်ကြီးတွေဟာ ကမ္ဘာကတင်လာတဲ့ အကြမ်းဖက်မှု ဆိုတဲ့ ခေါင်းစဉ်ကို တော်တော်ကြောက်နေကြတာ တွေ့ရပါတယ်။ ဒီခေါင်းစဉ်ကို မကျော်လွန်နိုင်ဘဲ ဖြစ်နေတာ ကို တွေ့နေရပါတယ်။ အဓိကကတော့ ကိုယ်ပိုင်အာဂျင်ဒါကို ရဲရဲကိုင်ပြီး မထွက်ရဲတဲ့ ပြဿနာပါပဲ။

အဲဒီလိုနေရာမျိုးမှာ ယူကရိန်းသမ္မတ ဇာလန်စကီးကတော့ ရှင်းတယ်။ ကမ္ဘာကြီးကတင်တဲ့ စေ့စပ် ဆွေးနွေးရေးကိုလည်း လုပ်တယ်။ တစ်ဖက်က ကိုယ်ပိုင်အာဂျင်ဒါဖြစ်တဲ့ ရုရှားကို ပြန်လည်ခုခံတိုက်ခိုက်ရေးကို လည်း ပြောလည်းပြော၊ လုပ်လည်းလုပ်တယ်။ တကယ်ဆိုရင် ကမ္ဘာကြီးက ပြန်လည်ခုခံတိုက်ခိုက်ရေးကို အကြမ်းဖက်မှု (violence) လို့ သတ်မှတ်တဲ့အတွက် အားမပေးချင်ကြပါဘူး။ ဒါပေမဲ့ ယူကရိန်းသမ္မတက သူ့ရဲ့ ကိုယ်ပိုင်အာဂျင်ဒါကို တင်းတင်းရင်းရင်း ကိုင်ပြီး ကမ္ဘာကြီးကို ပြောတယ်၊ အဲဒီအတိုင်း လုပ်တယ်၊ အဲဒါကိုသာ ကမ္ဘာကြီးက ကူညီပေးကြဖို့လည်း တောင်းဆိုတယ်။ နောက်ဆုံးတော့ ကမ္ဘာကြီးက သမ္မတဇာလန်စကီးရဲ့ အာ ဂျင်ဒါကိုပဲ ဝိုင်းဖြည့််ဆည်းပေးပြီး ကူညီကြရတဲ့ အဆင့်ကို ရောက်သွားတော့တယ်။ သမ္မတဇာလန်စကီးက သူတွင် တိုင်းပြည်အတွင်းကနေ တောင်းဆိုတာ မဟုတ်သေးဘူး၊ အခု သူ့ကတော်ကိုပါ အမေရိကန်ပြည်ထောင် စုကို လွှတ်ပြီး အမေရိကန်လွှတ်တော်ထဲမှာ မိန့်ခွန်းပြောပြီး လက်နက်တွေ တောင်းဆိုခိုင်းလိုက်သေးတယ်။ ဒါပေမဲ့ အန်ယူဂျီက ဝန်ကြီးတွေကတော့ ကမ္ဘာကြီးကတင်လာတဲ့ အကြမ်းဖက်မှု (violence) ဆိုတဲ့ စကားလုံး တစ်လုံးမှာတွင် ရေတိမ်နစ်ပြီး စာမေးပွဲကျနေကြတာကို တွေ့ရတယ်။ ခင်ဗျား/ရှင် ပြောတဲ့ အကြမ်းဖက်မှုဆိုတာ ဘာလဲ (What do you mean by violence?)၊ လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် ရှိတယ် (Everyone has right to defend themselves.) လို့ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဆိုထားတယ်မဟုတ်လား၊ ဒီမိုကရေစီ နဲ့ လွတ်လပ်မှု (Democracy and freedom) ကို ကာကွယ်ဖို့ တိုက်ခိုက်တာဟာ အကြမ်းဖက်မှု ဖြစ်သလား စတဲ့ မေးခွန်းတွေကို ကမ္ဘာကြီးကို ပြန်မေးဖို့ အန်ယူဂျီဝန်ကြီးတွေ မေ့နေကြတယ် ထင်ပါတယ်။

အိုင်အန်ဂျီအိုက ပုဂ္ဂိုလ်တွေနဲ့ ကျွန်တော် တွေ့တဲ့အခါ သူတို့က အကြမ်းဖက်မှု (violence) ဆိုရင် မကူညီ နိုင်ဘူးလို့ ပြောလို့ အထက်ပါ မေးခွန်းတွေကို ပြန်မေးခွန်းထုတ်ဖူးပါတယ်။ အဲဒီမှာ သူတို့ ပြန်ဖြေတာ မှတ်သားဖို့ ကောင်းပါတယ်။ ငါတို့က အိုင်အန်ဂျီအိုတွေ ဖြစ်နေလို့ သေနတ်နဲ့ ကျည်ဆန်ကို ထောက်ပံ့လို့ မရပေမဲ့ လူသား ချင်းစာနာမှုအောက်ကနေ ပီဒီအက်ဖ်တွေအတွက် သံခမောက်ဦးထုပ်၊ စစ်ဝတ်စုံ၊ ရေဘူး၊ စစ်ဖိနပ်၊ ဟန်ကော ချိုင့်၊ အိပ်ရာပုခက်၊ ရိက္ခာနဲ့ ဆေးဝါးတွေ ထောက်ပံ့လို့ ရတယ်လေတဲ့။ ကဲ အထက်က မေးခွန်းတွေ ထုတ်ကြည့် တာနဲ့တွင် သူတို့ဆီက ထွက်လာတဲ့ အဖြေတွေ။ ဒါကို အန်ယူဂျီဝန်ကြီးတွေက ဘာလို့ မလုပ်နိုင်ရတာလဲ။ တကယ်လို့ ကြိုးစားလို့ ရလာခဲ့မယ်ဆိုရင် ပီဒီအက်ဖ် ၂ သန်းစာလောက် တောင်းဆိုကြည့်ရမယ် မဟုတ်ဘူး လား။

ကမ္ဘာကြီးက အကြမ်းဖက်မှု ခေါင်းစဉ်နဲ့ တင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် သမိုင်းတရားခံဖြစ်မှာကို ကြောက်ပြီး ချမကျွေးနိုင်ရင် ဘာအတွက် ဒီနွေဦးတော်လှန်ရေးမှာ အန်ယူဂျီဝန်ကြီးတွေ လုပ်နေကြသလဲလို့ မေးကြည့်သင့်ပါတယ်။ ဒီလောက် အရေးကြီးနေတဲ့ အချိန်အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် ချမကျွေးနိုင်ရင် အဲဒီလို တာဝန်မျိုး ယူမနေပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ချကျွေးနိုင်မှ၊ ချကျွေးရဲမှ နိုင်ငံရေးသမား လုပ်ပါလို့ တိုက်တွန်းလိုက် ချင်ပါတော့တယ်။

နွေဦးလုလင်