မြတ်
အင်္ဂလိပ်စာရေးဆရာGeorge Orwell မြန်မာပြည်မှာပုလိပ်အရာရှိလုပ်စဉ်တုန်းက အတွေ့ အကြုံတွေအကြောင်းရေးတဲ့ အက်ဆေးတွေထဲမှာ “ကြိုးပေးခြင်း” ဆိုတဲ့ အက်ဆေးတစ်ပုဒ်ပါပါတယ်။ မြန်မာပြည်က အကျဉ်းထောင်တစ်ခုထဲမှာ သေဒဏ်ကျအကျဉ်းသားတွေကို ကြိုးပေးကွပ်မျက်တာကို မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရတဲ့ ပုလိပ်အရာရှိတစ်ယောက်အကြောင်းရေးထားတဲ့ ဒီအက်ဆေးကို ၁၉၃၁ ခုနှစ်မှာ ပထမအကြိမ်ပုံနှိပ်ခဲ့တာပါ။
“ကျန်းမာသန်စွမ်းပြီး သတိကောင်းကောင်းရှိနေတဲ့ လူတစ်ယောက်ကို ဖျက်ဆီးပစ်တာဟာ ဘာ အဓိပ္ပာယ်လဲဆိုတာ ဘယ်တုန်းကမှ ကျနော်သဘောမပေါက်ခဲ့ဘူး” လို့ George Orwell ရေးပါတယ်။ ကြိုးပေးကွပ်မျက်ခြင်းနဲ့ ပတ်သက်ပြီး “အရှိန်အဟုန်အပြည့်နဲ့ ဘ၀တခုကို ဖြတ်တောက်ပစ်လိုက်တာ ဟာ ဆိုဖွယ်ရာမရှိတဲ့ မှားယွင်းမှု” လို့ ဆိုပါတယ်။
ယဉ်ကျေးတဲ့လူ့ အဖွဲ့အစည်းက လူမြင်ကွင်းမှာတရားစီရင်တဲ့အလေ့အထကို ကန့်ကွက်လာကြတဲ့အတွက် ဗြိတိန်မှာ public execution ကို ၁၈၆၈ ခုလောက်ကစပြီး ရပ်တန့်ခဲ့ပါတယ်။ သို့သော်ငြား လည်း မြန်မာပြည်အင်္ဂလိပ်အစိုးရလက်အောက်ကျရောက်ခါစ ကာလတွေကတော့ လူမြင်ကွင်းမှာ သေဒဏ်စီရင်တဲ့ အလေ့အထကို ကျင့်သုံးခဲ့ပါသေးတယ်။ အဲဒီထဲမှာ “ လူမျိုးခြားလက်အောက်မှာ အမှု မထမ်းလို့” ဆိုပြီး ငြင်းဆန်လို့ မြန်မာသက္ကရာဇ်၁၂၅၀ (၁၈၈၈) ခုနှစ်ပတ်ဝန်းကျင်လောက်က ခေါင်း ဖြတ်သတ်ခံခဲ့ရတဲ့ မြို့လုလင်သူကြီး ဗိုလ်မင်းရောင်က အစောဆုံးအဖြစ်နဲ့ ထင်ရှားပါတယ်။ သူ့ ဦးခေါင်းပြတ်ကို နတ်မောက်မြို့ သိမ်တော်ကျောင်းတိုက်ရဲ့တောင်ဘက် ကန်ဘောင်ရိုးထနောင်းပင်မှာ အများမြင်အောင် ချိတ်ဆွဲထားခဲ့တယ်လို့ မှတ်သားရပါတယ်။ (ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ၊ ၁၉၅၁၊ ၃၄)။
၁၉၃၁ ခုနှစ်မှာအင်္ဂလိပ်အစိုးရက တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ဆရာစံကို သေဒဏ်စီရင်တဲ့အခါမှာတော့ သာယာ၀တီထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သေဒဏ်စနစ်ကျင့်သုံးခဲ့ပေမဲ့လည်း ၁၉၈၈ နောက်ပိုင်းကတည်းက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ကျင့်သုံးခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာတော့ မျက်ကွယ်သေဒဏ် ၄၁ ဦးအပါအဝင် အကျဉ်းသား ၁၁၄ ယောက်ကို သေဒဏ် ချမှတ်ခံထားရတယ်လို့ UN news report မှာ ဖော်ပြထားပါတယ်။
သေဒဏ်နဲ့အကြောက်တရား
၂၀၁၁ ခုနှစ်တုန်းက အော်စလိုမြို့အနောက်မြောက်ဖက်က ကျွန်းတစ်ကျွန်းပေါ်က နွေရာသီ လူငယ်စခန်းတစ်ခုမှာ စခန်းချနေတဲ့ကျောင်းသားခုနှစ်ဆယ်ကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအကြမ်းဖက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ နော်ဝေနိုင်ငံသား Anders Behring Breivik ကိုနော်ဝေနိုင်ငံရဲ့ အမြင့်ဆုံးအပြစ်ဒဏ် ၂၂ နှစ်ချမှတ်ခဲ့ပါတယ်။
ဒီလောက်လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့သူတယောက်ကို သေဒဏ်ပေးဖို့ ထိုက်တန်တယ် လို့ မထင်ဘူးလားလို့ မိတ်ဆွေနော်ဝေနိုင်ငံသားတစ်ယောက်ကို မေးကြည့်တဲ့အခါ သူပြန်ပြောတဲ့ စကားက စဉ်းစားစရာပါပဲ။ “ ပြစ်မှုကျူးလွန်သူကို သေဒဏ်ပေးလိုက်ရုံနဲ့ ဒီလိုဖြစ်ရပ်မျိုးတွေကို ရပ် တန့်ပစ်လိုက်နိုင်တာမှ မဟုတ်တာ”။
အင်္ဂလိပ်အစိုးရအတွက်တော့ ဗိုလ်မင်းရောင်တို့ ဆရာစံတို့ဟာ အာဏာဖီဆန်တဲ့ အကြမ်းဖက် သူပုန်တွေပါပဲ။ ဗိုလ်မင်းရောင်ကိုခေါင်းဖြတ်သတ်ပြီး သူ့ ဦးခေါင်းပြတ်ကို လူမြင်ကွင်းမှာချိတ်ဆွဲပြရုံနဲ့ လူတွေမှာ အကြောက်တရားလွှမ်းမိုးပြီး အင်္ဂလိပ်အစိုးရကို အာဏာဖီဆန်မှုတွေ ရပ်တန့်သွားလိမ့်မယ် လို့ ယူဆခဲ့ပုံရပါတယ်။ ဆရာစံကိုသေဒဏ်ပေးလိုက်ရုံနဲ့ သပိတ်စုံသူပုန်ထတာတွေကို တားဆီးလိုက်နိုင် မယ်လို့ ထင်ခဲ့ပုံပါပဲ။
ဦးဆောင်သူတစ်စုံတစ်ယောက်၊ သို့မဟုတ် တစ်စုတစ်ဖွဲ့ကို သေဒဏ်ပေးလိုက်တာနဲ့ လူတွေရဲ့ စိတ်မှာ အကြောက်တရားဝင်ပြီး ငြိမ်ဝပ်ပိပြားသွားလိမ့်မယ်လို့ထင်တဲ့ အယူအဆဟာ ၁၉ ရာစုနှောင်း ပိုင်းလောက်အထိ ရှိခဲ့တဲ့အယူအဆဟောင်းတစ်ခုပါပဲ။ ရာစုနှစ်နှစ်စုလောက်အတွင်းမှာ ဖြစ်သွားခဲ့တဲ့ အပြောင်းအလဲတွေက အဲဒီအယူအဆမှားယွင်းတယ်ဆိုတာကို သက်သေပြခဲ့ပါတယ်။
ဒီရာစုနှစ်တွေအတွင်းမှာပဲ အင်္ဂလိပ်တွေရဲ့ နေမဝင်အင်ပါယာကြီး ပြိုကွဲခဲ့တယ်။ သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်တွေ ချုပ်ငြိမ်းခဲ့တယ်။ ငွေဝယ်ကျွန်စနစ်တွေဖျက်သိမ်းခံခဲ့ရတယ်။ ဖက်ဆစ်ဝါဒ ကျဆုံးခဲ့တယ်။ ကြီးနိုင်ငယ်ညှဉ်း လက်နက်နဲ့အနိုင်ကျင့်အုပ်ချုပ်တဲ့စနစ်နေရာမှာ အုပ်ချုပ်သူအစိုးရကို ပြည်သူတွေက ရွေးကောက်တင်မြှောက်တဲ့စနစ်ကို အစားထိုးလာကြတယ်။
စနစ်တစ်ခုပြိုလဲတာဟာ လူတစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ အားထုတ်မှုသက်သက်ကြောင့် မဟုတ်ဘဲ စနစ်ရဲ့အားနည်းချက်ကသာ ဒီစနစ်ကိုဖြိုလှဲနိုင်တဲ့ အခြေခံအကြောင်းတရား ဖြစ်ပါတယ်။ ဗြိတိသျှအစိုးရဟာ ၁၆ ရာစုကနေ ၁၈ ရာစု အစောပိုင်းလောက်အထိ ကမ္ဘာတစ်လွှား နယ်ချဲ့ကျွန်ပြု လာခဲ့ရင်းက ၁၉၂၀ လောက်မှာ ကမ္ဘာ့ကုန်းမြေဧရိယာရဲ့ ၂၄ ရာနှုန်းလောက်ကို စိုးမိုးနိုင်ခဲ့ပါတယ်။ လက်အောက်ခံနိုင်ငံတွေများလွန်းလို့ သူ့အင်ပါယာထဲမှာနေဝင်တယ်ဆိုတာမရှိလို့ နေမဝင်အင်ပါယာလို့ တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။
ကိုလိုနီစနစ်ရဲ့ အကြီးမားဆုံးအားနည်းချက်က နိုင်ငံငယ်လေးတွေကို အင်အားသုံး ကျွန်ပြုပြီး စီးပွားရေးအရ သွေးစုတ်ချယ်လှယ်ခဲ့တာပါပဲ။ စစ်အင်အားမပြည့်စုံတဲ့ နိုင်ငံငယ်လေးတွေကို နှစ်ရာချီ အကြောက်တရားသွင်းပြီး ချယ်လှယ်အုပ်ချုပ်ခဲ့လို့ ကမ္ဘာမှာ အင်အားအကြီးဆုံး နေမဝင်အင်ပါယာကြီး ဖြစ်လာခဲ့ပေမဲ့လည်း လက်အောက်ခံနိုင်ငံတွေက ကြီးနိုင်ငယ်ညှဉ်းနယ်ချဲ့ဝါဒကို လက်မခံတော့တဲ့ တစ်နေ့မှာ ပျက်သုဉ်းရတာပါပဲ။
ကိုလိုနီနယ်ချဲ့စနစ်ကို စက်ဆုပ်ရွံရှာပေမဲ့လည်း ကိုလိုနီအစိုးရကျင့်သုံးခဲ့တဲ့ အကျင့်ဟောင်း လုပ်ရိုးလုပ်စဉ်အဟောင်းတွေနောက်ကိုပဲ ဆက်လိုက်နေတဲ့အစိုးရတွေ ကမ္ဘာမှာကြွင်းကျန်နေပါသေး တယ်။
အင်္ဂလိပ်စာရေးဆရာ George Orwell ရဲ့အက်ဆေးထဲက ဗြိတိသျှပုလိပ်အရာရှိဟာ ကြိုးပေး ကွပ်မျက်ခံရတော့မယ့် အကျဉ်းသားတစ်ယောက်ကို ကြည့်ရင်း အခုလိုပဲ တွေးခဲ့ပါတယ်။
“သူနဲ့ ငါတို့ဟာ အခုလေးတွင်ပဲ အတူလမ်းလျှောက်လာခဲ့တဲ့၊ မြင်ကြားခံစားနားလည် သဘောပေါက်ပုံခြင်းတူတဲ့ လူသားတွေပဲ။ နောက်ထပ် ၂ မိနစ်လောက်အတွင်းမှာ ငါတို့ထဲက တစ်ယောက်ဟာ ဖျတ်ခနဲဆို ပျောက်သွားလိမ့်မယ်။ အသိစိတ်တစ်ခုလျော့ ကမ္ဘာတစ်ခုလျော့သွား တော့မယ်”လူတစ်ယောက်ကို ကွပ်မျက်လိုက်တာနဲ့ ကျန်တဲ့သူတွေမှာ အကြောက်တရားဝင်ပြီး ငြိမ်ဝပ် ပိပြားသွားမယ်၊ စိတ်ဓာတ်ပျက်ပြားသွားမယ်ဆိုရင်တော့ ကမ္ဘာ့သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ခဲ့မှာ မဟုတ်ပါဘူး။
လူတစ်ယောက် ကွပ်မျက်ခံလိုက်ရတဲ့အခါ အသိစိတ်တစ်ခုလျော့၊ သူ့ရဲ့ကမ္ဘာတစ်ခုလျော့ သွားမှာ အမှန်ပေမဲ့ ကျန်ခဲ့တဲ့သူတွေက ဒီကွပ်မျက်မှုအကြောင်း ဆက်ပြောနေကြအုန်းမှာပါပဲ။ ဗိုလ်မင်းရောင်ရဲ့ ဦးခေါင်းပြတ်ကြီးက အင်္ဂလိပ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ကွပ်မျက်မှုတစ်ခု အကြောင်း ကမ္ဘာကြီးကို သမိုင်းစကားပါးနေသလိုပါပဲ။ အလားတူကွပ်မျက်မှုတိုင်းဟာ “စကားလုံး မရှိတဲ့မှားယွင်းမှု” ဖြစ်တယ်ဆိုတဲ့အကြောင်း ကမ္ဗည်းတင်ခံရအုံးတော့မှာ အသေအချာပါပဲ။
(The Myanmar Peace Narrative မှရေးသားတင်ဆက်သည်။)