ထိုင်ဝမ်စစ်တပ်ကို အသင့်အနေအထား တပ်လှန့်နှိုးဆော်ထားပြီး အာဏာပိုင်တွေအနေနဲ့ ထိုင်ဝမ်ကျွန်းပတ်ဝန်းကျင် လုံခြုံရေးနဲ့ တည်ငြိမ်ရေး သေချာစေဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ အစိုးရအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၃ရက်နေ့မှာ ပြောပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ ထိုင်ဝမ်ကိုရောက်ရှိလာပြီးနောက် တုန့်ပြန်တဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်လုပ်မယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပြီးနောက် ထိုင်ဝမ်ဘက်ကလည်း အခုလို ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။
နိုင်ငံသားတွေအနေနဲ့ စိတ်လုံခြုံမှုကို ခံစားရသင့်တယ်လို့ ထိုင်ဝမ်အစိုးရအဖွဲ့က ဆိုပါတယ်။
ဒါ့အပြင် တရုတ်စစ်ရေးလေ့ကျင်မှုတွေက ကုလသမဂ္ဂရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာရောက်ပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကျုးကျော်တာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီကနေ့ သတင်းစာရှင်းလင်းမှာ ပြောခဲ့ပါတယ်။
အဆိုပါ ခရီးစဉ် မတိုင်မီကတည်းက တရုတ်နဲ့ တင်းမာမှု မြင့်တက်နေပြီး ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကြောင့် အလားတူ ထိုင်ဝမ်ကျွန်းအပေါ် တရုတ် တိုက်ခိုက်ခံရနိုင်ခြေ စိုးရိမ်မှုတွေ တိုးလာတာကြောင့် ဩဂုတ်လ ၂ရက်နေ့က ထိုင်ဝမ်မှာ လေကြောင်းကာကွယ်ရေး ခိုလှုံတဲ့နေရာတွေ ပြင်ဆင်ထားပြီး အကြိုလေ့ကျင့်မှုတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။