အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် မြောက်ကိုရီးယားနဲ့ ရုရှား ကန့်ကွက်ရှုတ်ချ

Photo – Reuters

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ အမေရိကန်ရဲ့ စဉ်းစားဆင်ခြင်မဲ့တဲ့ ဝင်ရောက်စွက်ဖက်မှုဖြစ်တယ်လို့ဆိုပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ဩဂုတ်လ ၃ရက်နေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

နန်စီ ပယ်လိုစီ ဟာ ဩဂုတ်လ ၂ရက်နေ့ ညပိုင်းမှာ ထိုင်ဝမ်ကို ရောက်ရှိလာတာတာဖြစ်ပါတယ်။ ခုခရီးစဉ်ဟာ တရုတ်နိုင်ငံက သူ့ရဲ့ သင်းကွဲပြည်နယ်အဖြစ် သတ်မှတ်တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းအတွက် အမေရိကန်ရဲ့ မယိမ်းယိုင်တဲ့ ကတိကဝတ်ကို ပြသနေတာဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

“ကမ္ဘာကြီးဟာ အာဏာရှင်နဲ့ ဒီမိုကရေစီကြားက ရွေးချယ်ရမယ့်အချိန်မှာ အမေရိကန်အနေနဲ့ ထိုင်ဝမ်ပြည်သူ ၂၃ သန်းနဲ့အတူ ရှိတယ်ဆိုတဲ့ စည်းလုံးညီညွတ်မှုက ဒီနေ့ခေတ်မှာ ပိုအရေးကြီးပါတယ်” လို့  နန်စီ ပယ်လိုစီက ထိုင်ဝမ်ကိုရောက်လာပြီး မကြာခင်မှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ကတော့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး ၂၅ နှစ်အတွင်း အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အမေရိကန်ခရီးစဉ်ကို အကြိမ်ကြိမ် ကန့်ကွက်ရှုတ်ထားပါတယ်။

“ထိုင်ဝမ်အရေးမှာ ပြင်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး တရုတ်နိုင်ငံကို အပြည့်အဝ ထောက်ခံတယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်နဲ့ စီးပွားရေး အသက်သွေးကြော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း တရုတ်ရဲ့ ရပ်တည်ချက်ကို ထောက်ခံကြောင်းနဲ့ အခုလို ရန်စတဲ့ ခရီးစဉ်ဟာ အမေရိကန်နဲ့ ဘေကျင်း ထိပ်တိုက်တွေ့မယ့် လမ်းကြောင်းပေါ် ကျရောက်စေလိမ့်မယ်လို့ ပြောထားပါတယ်။

ဒါ့ပြင် ဩဂုတ်လ ၂ ရက်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နန်စီပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ ပြတ်ပြတ်သားသား ရန်စမှုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လုပ်ဆောင်ပိုင်ခွင့်ရှိတယ်လို့ ဝန်ကြီးဌာနရဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။