ထီးလင်းမြို့ ၊ စိုက်ဘဏ်နဲ့ ဆောက်လုပ်ရေးရုံးအနီး ဗုံးသုံးလုံးကွဲ

ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့၊ မနက် ၉ နာရီဝန်းကျင်မှာ မကွေးတိုင်း၊ ထီးလင်းမြို့က စိုက်ပျိုးရေးဘဏ်နဲ့ ဆောက်လုပ်ရေးရုံးအနီးနေရာနှစ်ခုမှာ ဗုံးသုံးလုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကိုလည်ပတ်ဖို့ကြိုးစားနေကြတဲ့ မြို့ပေါ်က Non CDM ဝန်ထမ်းတွေကို နောက်ဆုံးအကြိမ် သတိပေးတဲ့အနေနဲ့ အခုလို လုပ်ဆောင်တာလို့ Yaw Defence Force Htilin အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါဟာ နောက်ဆုံးအကြိမ် သတိပေးတာဖြစ်ပြီး သတိပေးချက်ကို မလိုက်နာရင် စစ်ကောင်စီဘက်တော်သားအဖြစ်မှတ်ယူပြီး အချိန်မရွေးတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်း ၂ ဦးနဲ့ စိုက်ဘဏ်မန်နေဂျာတို့ ဒဏ်ရာရရှိပြီး ထီးလင်းမြို့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ စိုက်ဘဏ်ရုံးကတော့ တော်တော်ထိမယ်။ အသံလည်းတော်တော်ကျယ်တယ်ဗျ။ ဆေးရုံကိုဘက်ကို ကားနဲ့သယ်သွားတာ ဒဏ်ရာရတဲ့သူတွေဖြစ်မယ်။ ဒဏ်ရာရတဲ့ထဲမှာ မန်နေဂျာရောပါတယ်လို့ ကြားတယ်ဗျ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြို့ထဲမှာ ရမ်းကားတာ၊ မဆိုင်တဲ့သူတွေကိုဖမ်းဆီးတာတွေလုပ် ဆောင်နေတဲ့အပြင် ဇူလိုင်လဆန်းကတည်းက ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံများစုဟာ စစ်ဘေးရှောင်နေကြရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။