နေသန်မောင်
“အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ၊ အမှန်တရားကို ရရင်ရ၊ ပြန်မရရင် အဆုံးထိသွားမှာပါ” ဆိုတဲ့ နွေဦးတော်လှန်ရေး အစကာလကတည်းက သံပုံးတွေရှေ့ချပြီး အလိုမရှိဆိုတဲ့ ကြွေးကြော်သံတွေနဲ့ မျိုးဆက်သစ်လူငယ်တွေ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှုကြီးဟာ အခုတလော လူပြောများနေတဲ့ Point of No Return (နောက်ကြောင်းပြန်လှည့်လို့ မရတော့လောက်တဲ့ လမ်းကြောင်း) ကို ချီတက်ဖို့ အဲဒီကတည်းက ကြွေးကြော်ခဲ့ကြပါတယ်။ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်စစ်ကြောင်းတွေနဲ့ တစ်တိုင်းပြည်လုံးက သန်းပေါင်းများစွာပြည်သူတွေရဲ့ သင်းသတ်ခံထားရတဲ့ ဒီမိုကရေစီတိုက်ပွဲကို “လူထုလှုပ်ရှားမှုကြီး”အဖြစ် အသစ်တဖန် မွေးဖွားပေး လိုက်ပါတော့တယ်။
ဖက်ဆစ်မြန်မာစစ်တပ်က ကျနော်တို့ရဲ့ လူထုလှုပ်ရှားမှုကြီးဖြစ်တဲ့ ဒီမိုကရေစီတိုက်ပွဲကို အမြတ်ဖြတ်ဖို့အတွက် အကြမ်းဖက်ဖြိုခွင်းပြီး ချေမှူန်းဖို့ ကြိုးစားရာကနေ စစ်နဲ့တော်လှန်ရေးဟာ လူထုလှုပ်ရှားမှုရဲ့နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။ နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွါးရေး၊ စစ်ရေး နည်းလမ်းပေါင်းစုံဖွင့်ပြီး ဖက်ဆစ်တွေကို ခုခံတော်လှန်တိုက်ပွဲဝင်နေရင်းနဲ့ စစ်ရေးဟာ ဖိအားပေးရေး ယန္တရား သက်သက်မဟုတ်တော့ဘဲ ရည်မှန်းချက်ကြီးတဲ့ ပင်မလှုပ်ရှားမှုဖြစ်လာပါတယ်။ ဒီလားရာဟာ နောက်ကြောင်းပြန်လှည့်လို့ မရတော့တဲ့ ခရီးရှည်ကြီးတခုဖြစ်သွားပြီး တွေ့ဆုံဆွေးနွေးရေး၊ အကြမ်း မဖက်တဲ့နည်းနဲ့ဖြေရှင်းရေး၊ စစ်နဲ့တော်လှန်ရေးကို အပေးအယူလုပ်လို့ရတဲ့နည်းလမ်းတွေဆီ ဘယ် တော့မှပြန်မသွားတော့တဲ့ လားရာပါ။
ဒီအခြေအနေရောက်တော့မှ လူထုခေါင်းဆောင်ကို ပြန်လွှတ်ပြီး စစ်နဲ့တော်လှန်ရေးကို ရပ်တန့် ဖို့အသုံးချမယ့် ဟန်ပြတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကနေ “အရင်လိုဘဝမျိုး ပြန်ရချင်တယ်”လို့ ဖက်ဆစ်တွေက သံသေးသံကြောင်တွေနဲ့ ထအော်လာကြပါပြီ။ အမှန်တရားပြန်မရနိုင်တဲ့ နည်းလမ်း တွေအားလုံးကို ကျောခိုင်းပြီးတဲ့နောက် စစ်နဲ့တော်လှန်ရေးရဲ့ လတ်တလော အရေးအကြီးဆုံးဖြစ်တဲ့ ဖက်ဆစ်သန္ဓေနဲ့မွေးလာတဲ့ စစ်တပ်ကို သရဲမွေးသလို မွေးခဲ့ရတဲ့အတိတ်ကို အဆုံးသတ်၊ ပြည်ဖုံးကား ချဖို့အတွက် ပဋိပက္ခအားလုံးရဲ့ လက်သည်တရားခံ၊ အရင်းအမြစ်ဖြစ်တဲ့ ဒီဖက်ဆစ်စစ်တပ်ကို အမြစ် ဖြတ် လက်စသတ် ဖျက်ဆီးပစ်ဖို့နည်းလမ်းသည်သာ ကျနော်တို့အားလုံးလိုလားတဲ့ အမှန်တရား အတွက် ပင်မပြဿနာကို ဖြေရှင်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ဘက်စုံအကြပ်အတည်းတွေနဲ့ ဖြစ်ပွါးနေတဲ့ ဒီကနေ့ စစ်နဲ့တော်လှန်ရေးကို “မင်းပြောင်းမင်းလွှဲ” ပြဿနာအဖြစ် ရှုမြင်ပြီး အဖြေရှာဖို့ကြိုးစားနေတဲ့သူတွေဟာ “တိုင်းပြောင်း ပြည်လွှဲ”ဆိုတဲ့ အတိတ်ကို ဖြိုချပြီး တိုင်းသစ်ပြည်သစ် (တွေ) တည်ဖို့ ရုန်းကန်နေတဲ့ ဖြေရှင်းမှုကို နားမလည်သ၍ သူတို့ချဉ်းကပ် မှုတွေဟာ ဖက်ဆစ်တွေကို ကယ်တင်ရေးဆီကိုသာ ရောက်နေဦးမှာပါပဲ။ တိုင်းပြောင်း ပြည်လွှဲ တိုက်ပွဲ ဟာ ပဋိပက္ခအရင်းအမြစ်တွေဖြစ်တဲ့ လူမျိုးပေါင်းစုံကြား တန်းတူညီမျှမှုမရှိတဲ့ နိုင်ငံရေးပြဿနာ ဖြစ်နေတဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ရုန်းကန်မှုနဲ့ ဒီမို ကရေစီရုန်းကန်မှုနှစ်ခု ပေါင်းစည်းမိသွားပါတယ်။ ဒီပေါင်းစည်းမှုကနေ အနာဂတ်နိုင်ငံရေးရည်မှန်း ချက်တွေဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိရေးနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေး အန္တိမပန်းတိုင် ပေါ် ထွက်လာပါတယ်။ (ဒီနေရာမှာ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ မဖြစ်မနေထူထောင်မယ်ဆိုတဲ့ အချက် တခုတည်းကို ဆုတ်ကိုင်ထားတာထက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုဆိုတဲ့ လောကပါလတရားသုံးပါးဖြစ်တဲ့ အမှန်တရားကိုရဖို့က အရေးကြီးပါတယ်)
ဒီပန်းတိုင်ကို ပုံဖော်ရေးခြယ်ကြတဲ့ နွေဦးတော်လှန်ရေးဟာ လတ်တလောပြဿနာနဲ့ အနာဂတ် ပြဿနာနှစ်ခုကို ဖြေရှင်းကိုင်တွယ်ကြရပါတယ်။ လတ်တလောပြဿနာက ဘုံရန်သူ မြန်မာဖက်ဆစ် စစ်တပ် (နိုင်ငံရေးကနေ ထွက်သွားဖို့ထက်) ရှင်သန်တည်ရှိခွင့်ကို ငြင်းပယ်ပြီး အမြစ်ဖြုတ်ရှင်းလင်း ရေးဆိုတဲ့ “စစ်”၊ အနာဂတ်ပြဿနာက တိုင်းသစ်ပြည်သစ်ကို ဘယ်လိုထူထောင်မလဲဆိုတဲ့ လူမျိုး ပေါင်းစုံ၊ အင်အားစုပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားရေးဖြစ်စဉ်ကို ဖန်တီးဖို့ဆိုတဲ့ “တော်လှန်ရေး” ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့ လမ်းကြောင်းကနေ အားကောင်းမောင်းသန် ရှင်သန်ကြီးထွားလာတဲ့ စစ်နဲ့တော်လှန်ရေးကို ဘယ်လိုမြူဆွယ်မှုတွေ၊ ခြိမ်းခြောက်မှုတွေက သပ်လျှို သွေးခွဲပြီး ပျက်စီးသွားအောင် ဖြိုခွဲလို့ ဘယ်ရနိုင်ပါ့မလဲ။ လူထုလှုပ်ရှားမှုရဲ့ပန်းတိုင်နဲ့တိုက်ပွဲကို ငြင်း ဆန်ကြသူတွေကသာ သမိုင်းရဲ့စွန့်ပယ်မှုကို ခံရမှာပါ။ သမိုင်းရဲ့စွန့်ပယ်မှုဟာ လူထုရဲ့ငြင်းပယ်မှုပါပဲ။
ကျနော်တို့အချင်းချင်းကြား ညီညွတ်မှုနဲ့ရုန်းကန်မှုကြောင့် သူတို့ရှုံးပြီ၊ ဘယ်လိုမှ ရပ်တည်လို့မရ နိုင်တော့ဘူးလို့ ရန်သူက နားလည်လာတဲ့အခါမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြပါစို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ စတင်ပါတော့တယ်။ ဘယ်လိုပဲကမ်းလှမ်းပါစေ၊ စေ့စပ် ချင်ပါစေ လူထုကပဲ ဆုံးဖြတ်မှာပါ။ စစ်ဟာ ဖိအားပေးရေးယန္တရားမဟုတ်တဲ့ ပင်မနည်းလမ်းဖြစ်တဲ့ အခါ ရန်သူဟာ ချောင်ပိတ်မိပြီး ထွက်ပေါက်မဲ့သွားရင် ပန်ဒိုရာသေတ္တာလေးထဲက ကျနော်တို့မမြင် နိုင်တဲ့ အခြေအနေသစ်တွေ ဝုန်းခနဲ ထွက်လာပါလိမ့်မယ်။ စစ်ပဒေသရာဇ် ဖက်ဆစ်တွေရဲ့ ရှင်သန်ရပ် တည်ရေးအကြပ်အတည်း ရုပ်လုံးပေါ်နေတဲ့ ဒီကနေ့ကာလမှာ တိုင်းပြည်ထဲက လူ့အဖွဲ့အစည်းတခုလုံး ကို ဘယ်လိုမှ ပြန်နလန်မထူနိုင်တော့တဲ့ နာကျဉ်းချက်တွေ၊ သွေးကွဲမှုတွေ၊ အငြိုးအတေးတွေ ဖြစ် အောင် အလုံးစုံပျက်သုဉ်းရေးကို ဖော်ဆောင်မှာ မလွဲပါဘူး။ ကျနော်တို့ရဲ့ တိုင်းပြောင်းပြည်လွှဲ ရုန်းကန်မှုကို ဒုက္ခပေးသွားမှာပါ။
ဒီအတွက် ကျနော်တို့အားလုံးကြားမှာ စည်းလုံးမှု မဖြစ်မနေလိုအပ်ပါတယ်။ တန်းတူညီမျှမှုနဲ့ လွတ်လပ်ခွင့်ကို အပြန်အလှန်လေးစားကြဖို့လိုအပ်ပါတယ်။ ဒီလိုမှပဲ ဖက်ဆစ်တွေကို အမြစ်ဖြုတ်ရှင်း လင်းရေးဆိုတဲ့ လတ်တလောပြဿနာကိုဖြေရှင်းတဲ့နည်းလမ်းဟာ ကျနော်တို့ရဲ့ကြွေးကြော်သံဖြစ်တဲ့ “အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ၊ အမှန်တရားကို ရရင်ရ၊ ပြန်မရရင် အဆုံးထိသွားမှာပါ”ဆိုတာကို သတိမမေ့ဖို့လိုပါတယ်။ ဒါဟာ လူထုရဲ့ကြွေးကြော်သံ၊ မျိုးဆက်သစ်လူငယ်တွေရဲ့ ကြုံးဝါးသံ၊ လူမျိုး ပေါင်းစုံရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ ပစ္စုပ္ပုန်မှာ ကျနော်တို့ဖြတ်သန်းနေကြရတဲ့ စစ်နဲ့တော်လှန်ရေးဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးတဲ့ နိုင်ငံရေးနည်းနဲ့ပဲ အဆုံးသတ်ရမယ်ဆိုရင်တော့ ဒီနည်းလမ်း အကောင် အထည်ဖော်ဖို့အတွက် ဖက်ဆစ်တွေကို နိဂုံးချုပ်အဆုံးသတ်ဖို့ ပထမဦးစားပေး လုပ်ရပါမယ်။
ရွေးကောက်ပွဲနည်းနဲ့ ပြည်သူ့အာဏာ ပြည်သူ့ကိုပြန်ပေးရမယ်ဆိုရင်တော့ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး ဖြစ်စဉ်ကနေ ပေါ်ထွက်လာတဲ့ သမ္မတနိုင်ငံသစ် ဖွဲ့စည်းပုံတခု (သို့မဟုတ် တခု မက) ပေါ်ထွက်လာရေးက ဒုတိယဦးစားပေးလုပ်ငန်းစဉ် ဖြစ်သင့်ပါတယ်။ ဒါဟာ ကိုယ့်တိုင်းပြည် ပြဿနာကို ကိုယ့်ဘာသာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြေရှင်းတာဖြစ်လို့ပါ။ ဒါဆို ကျနော်တို့ရဲ့ပဋိပက္ခ နှစ်ခုဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အောင်ပွဲခံပြီး နောက်ပြန် မလှည့်တော့တဲ့ အနာဂတ်ဆီ စိတ်ဖြောင့်ဖြောင့်နဲ့ ချီတက်သွားနိုင်ပါပြီ။ အဲဒါဟာ ကျနော်တို့တိုင်းပြည်ရဲ့ ၂၀၀၈ ဆက်တင်၊ ၁၉၇၄ ဆက်တင်၊ ၁၉၄၇ ဆက်တင်၊ ၁၉၃၅ ဆက်တင်၊ ၁၈၉၀ ဆက်တင်၊ ၁၈၂၄ ဆက်တင်တွေကိုသာမက ဟိုး ပဒေသရာဇ်ခေတ်ကြီးရဲ့ ဆက်တင်အဟောင်းတွေကိုပါ သမိုင်းနိဂုံးချုပ် လိုက်တာဖြစ်ပါတယ်။
လူမျိုးကြီးဝါဒ၊ ပဒေသရာဇ်စရိုက်၊ လက်ဝဲစွန်း-လက်ယာစွန်းအတွေးအခေါ်နဲ့ ဖြတ်သန်းခဲ့ရတဲ့ နှစ်ထောင်ချီတဲ့ ဒီတိုင်းပြည်ဟာ ဘယ်တုန်းကမှ ပြည်ထောင်စုနိုင်ငံတခု၊ သမ္မတနိုင်ငံတခုအဖြစ် မပေါ် ပေါက်ခဲ့ဘဲ တိုင်းငယ်ပြည်ငယ်လေးတွေများစွာနဲ့ ဖရိုဖရဲကသောင်းဖြစ်နေဆဲ ဆိုတဲ့ ပကတိအနေ အထားကို ကျနော်တို့ လက်ခံဖို့ လိုပါတယ်။ ဒါဟာ အတိတ်နဲ့လမ်းခွဲထွက်လိုက်တာဖြစ်ပြီး အတိတ်ရဲ့ ကျိန်စာဆိုးကနေ လွတ်မြောက်ဖို့အတွက်ဆိုရင် အတိတ်ကို အဆုံးသတ်ဖို့ သတ္တိပေါ်လာပါတယ်။ အဲဒီ သတ္တိကြောင့်ပဲ ကျနော်တို့မှာ အနာဂတ်တွေရှင်သန်လာဖို့ ခွန်အားတွေ၊ ရုန်းကန်မှုတွေ မွေးဖွားလာပါ တယ်။ ဒါဟာ ကျနော်တို့ရဲ့ တော်လှန်ရေးပါပဲ။ အသစ်တခုအတွက် အဟောင်းတခုလုံးကို တော်လှန် တာဟာ စစ်မှန်တဲ့တော်လှန်ရေးဖြစ်ပြီး မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို အောင်ပွဲခံစေဖို့အထိ လည်း မွေးဖွားပေးလိုက်ပါတယ်။ အဲဒါဟာ “အဆုံးထိသွားမှာပါ”ဆိုတဲ့ သံန္နိဌာန်ဖြစ်ပါတယ်။
အောင်ပွဲရဲ့လက်တကမ်းအလိုကိုရောက်နေတဲ့ နွေဦးတော်လှန်ရေးကို ကျနော်တို့ အဆုံးထိသွား ကြအောင်ပါ။ ကျနော်တို့မှာ အနာဂတ်တွေရှိကြတယ် မဟုတ်ပါလား။
အာဏာသိမ်းဖို့ ၂၀၀၈ ကို ဖျက်လိုက်လို့ရတယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့ လေသံကနေ အာဏာ မသိမ်းဘူးလို့ မပြောနိုင်ဘူးဆိုပြီး မြန်မာဖက်ဆစ်စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ၂၀၀၈ ကို ကာကွယ်စောင့်ရှောက်ဖို့ အာဏာထိန်းရပါတယ်ဆိုတဲ့ ဖက်ဆစ်စစ်တပ်ဟာ ၁၉၅၈ အိမ်စောင့်အစိုးရ ယောင်ဆောင်ခဲ့ရာက အခုတော့ ၂၀၀၈ စာအုပ်အောက်မှာပဲ သူကိုယ်တိုင် ထွက်ပေါက်ပိတ်သွားပါပြီ။ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ မြင့်ဆွေဆီ အာဏာပြန်လွှဲပေးရဖို့ ၇ လလောက်ပဲ လိုတော့တာမို့ ဒီစာအုပ်ကို ပြင်မလား၊ အသစ်ရေးမလားဆိုတဲ့ လမ်းကြောင်းကို ဖော်ပါတယ်။ နောက်ဆုံးတော့ ဖွဲ့စည်းပုံအသစ်ရေးဖို့၊ ပြီးရင် ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲဖို့ဆိုတဲ့ ၁၉၆၂၊ ၁၉၈၈ တုန်းကလို ဖွဲ့စည်းပုံဖျက်ပြီး အာဏာသိမ်းတဲ့ဘဝ ဥုံဖွဆိုပြီး မန်းမှုတ်သလို ရောက်သွားတဲ့ ဖက်ဆစ်တွေအဖြစ်ဟာ လာမယ့် ရက် ၂၀၀အတွင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတွက် နောက်ဆုံးပြင်ဆင်မှုဖြစ်လာပါတယ်။
လာမယ့် ၆လအတွင်း သူ့စိတ်ကြိုက် ဖွဲ့စည်းပုံအသစ်ကိုရေးတဲ့အခါ နိုင်ငံတော်တည်ဆောက်ပုံ တစ်ခုလုံးကို လက်ဝါးကြီးအုပ်မယ့် ဖက်ဆစ်တွေရဲ့ ရပ်တည်ချက်ကို သဘောတူထောက်ခံမယ့် နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ဆိုင်းဘုတ်ကို ဖက်ဆစ်တွေ ချိတ်ဆွဲပါလိမ့်မယ်။ ဒါဟာ အာဆီယံဘုံသဘောတူချက် ၅ ချက်ကို အကောင်အထည်ဖော်တာလို့ ဆိုပါလိမ့်မယ်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြန်ထားပြီး ဖွဲ့စည်းပုံအသစ် ရေးဆွဲ ရေးမှာ ပါခွင့်ပြုမယ်၊ ဒီအတွက် ဖက်ဆစ်တွေကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစုကြီးကို တားဆီးပေးရမယ်၊ တားဆီးနိုင်ရင် ဖွဲ့စည်းပုံဆိုင်ရာ အပေးအယူလုပ်မယ်ဆိုတဲ့ ဂျင်းကို နိုင်ငံတကာထောက်ခံလာအောင် ရောင်းဖို့ ကြိုးစားပါလိမ့်မယ်။ ဒီအကွက်ဆိုက်တဲ့အခါမှာ ဖက်ဆစ်စစ်တပ်ကို မြန်မာ့နိုင်ငံရေးထဲက ဖယ်ထုတ်လို့မရဘူးလို့ တဖွဖွ ပြောနေသူတွေ လက်ခုပ် လက်ဝါး ထတီးကြပါလိမ့်မယ်။ စစ်နဲ့တော်လှန်ရေးကို သေးသိမ်အောင် သွေးထိုးဖြိုခွဲ ဖိအားပေး လုပ်ရင်း တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင့်ကြားစေ့ရေး ဂျင်းကြီးကို ထပ်စားကြဖို့ပါပဲ။
တရုတ်က တစ်ချိန်လုံးပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်နဲ့အညီ အင်အားစုအားလုံး တွေ့ဆုံဆွေးနွေးရေး၊ ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ပေးရေးဆိုတဲ့ တောင်းဆိုချက်ဟာ “ဖွဲ့စည်းပုံ အကြပ်အတည်းဆိုင်ရာပြဿနာ”ကို ဖြေရှင်းကြဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် မဲမသာမာမှုကြောင့်လို့ဆိုပြီး အကြောင်းပြတဲ့ အာဏာသိမ်းမှုဟာ ဖွဲ့စည်းပုံအကြပ်အတည်းဆိုင်ရာ ပြဿနာကို ဖြေရှင်းဖို့ဆိုတဲ့ လမ်းပေါ် ခုန်ပေါက်ရောက်လာခဲ့ပါပြီ။ တရုတ်နဲ့အာဆီယံတို့ရဲ့ ဒီတိုက်တွန်းချက်ကြောင့် ဖွဲ့စည်းပုံ အသစ်ရေးဆွဲရေး အပေးအယူလုပ်ကြဖို့ဆိုတဲ့ တွေ့ဆုံဆွေးနွေးရေးဟာ ဖက်ဆစ်ခေါင်းဆောင် မဖြစ် မနေ ကျော်ဖြတ်ရမယ့် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ နောက်ထပ် စိန်ခေါ်မှုက ဒီကနေ့တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ ဘက်ပေါင်းစုံ ဖိအား ပေးမှုကြောင့် သူ့ဖက်ဆစ် စစ်တပ် ရှင်သန်ရပ်တည်ရေးဆိုင်ရာ အကြပ်အတည်းထဲကို တွန်းပို့ခံလိုက်ရတာမို့ မီးကုန်ယမ်းကုန် အင်အားသုံးရပါတော့မယ်။
မြေပြင်က စစ်ရေးအခင်းအကျင်းတွေ ပြောင်းပြန်အနေအထားကို ဖန်တီးနိုင်လေလေ ဖက်ဆစ် တွေရဲ့ ပထမစိန်ခေါ်မှုဖြစ်တဲ့ ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ အပေးအယူလုပ်ရေးမှာ အကန့်အသတ်တွေ ပိုများ များလာမှာ ဖြစ်ပါတယ်။ ဒီကာလဟာ နွေဦးတော်လှန်ရေး အင်အားစုကြီးအတွက် နယ်မြေထိန်းချုပ် စိုးမိုးတဲ့အဆင့်ကနေ နယ်မြေလွတ်မြောက်ရေးဆိုတဲ့ အဆင့်ကို တက်လှမ်းဖို့အတွက် အင်မတန် အရေးကြီးတဲ့ အခြေအနေကို ရောက်လာပါပြီ။ နယ်မြေ ထိန်းချုပ်စိုးမိုးလွတ်မြောက်နိုင်မှုနဲ့အတူ လက်တွေ့အုပ်ချုပ်တဲ့ ဒီဖက်တိုအစိုးရအဖြစ်ကို ဖန်တီးယူနိုင်ပြီ ဆိုတာနဲ့ NUG ကို တရားဝင် အသိ အမှတ်ပြုမှုတွေနဲ့အတူ ကြားဖြတ်အစိုးရတရပ်အဖြစ်ကို မွေးဖွား ပေးလိုက်နိုင်ပါပြီ။ ကြားဖြတ် အစိုးရ တရပ်ဟာ ဖယ်ဒရယ်ချာတာကို အခြေခံတဲ့ ကြားဖြတ် ဖယ်ဒရယ် ဖွဲ့စည်းပုံတခုကို အတည်ပြုပြီး အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ် လက်သည်ဖြစ်တဲ့ မြန်မာဖက်ဆစ်စစ်တပ် လုံးဝမပါတဲ့ အင်အားစုပေါင်းစုံကြားမှာ အမျိုး သားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို တက်လှမ်းပြီး အားလုံး လက်ခံနိုင်တဲ့ နိုင်ငံတည်ဆောက် ပုံ၊ အာဏာခွဲဝေရေး၊ သယံဇာတခွဲဝေရေးအတွက် လုပ်ဆောင်ကြ ဖို့ပါ။
ဒီဖြစ်စဉ်ကြီးနှစ်ခုမှာ တခုက အတိတ်ပဋိပက္ခကို ဖက်တွယ်ထားတဲ့ ဖက်ဆစ်တွေရဲ့ ဖော်မြူလာ အဟောင်း၊ နောက်တစ်ခုက အတိတ်နဲ့လမ်းခွဲလိုက်တဲ့ ပဋိပက္ခတွေချုပ်ငြိမ်းသွားမယ့် အနာဂတ်သစ်ဆို ပြီး ရှိနေပါတယ်။ တော်လှန်ရေးဆိုတာ အဟောင်းနဲ့အသစ်ကြားက ရုန်းကန်မှုဖြစ်လို့ ကျနော်တို့ အလှည့်မှာ အသစ်ကအောင်ပွဲခံဖို့ လာရာလမ်းနဲ့ လားရာလမ်းကို ရှင်းလင်းကွဲပြားစွာမြင်ရေးက အရေး ကြီးလာပါတယ်။ ဖက်ဆစ်စစ်တပ်က ဦးဆောင်မယ့် တွေ့ဆုံဆွေးနွေးရေးကနေ ဖွဲ့စည်းပုံ အသစ်ရေးပြီး ရွေးကောက်ပွဲလုပ်တဲ့ ထွက်ပေါက်ကိုသွားတဲ့ နည်းလမ်းမှန်သမျှကို အမြစ်ကနေ တစ်ခုချင်း ဆွဲနှုတ် ဖျက်စီး တွန်းလှန်သွားရဖို့ လိုလာပါပြီ။ ဒါဟာ အဆုံးသတ် တိုက်ပွဲတခုလည်း ဖြစ်ပါတယ်။ နိုင်ငံတော် ကို ပြန်လည်သိမ်းပိုက်ခြင်းဆိုတဲ့ အောင်ပွဲဟာ နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံဖြစ်စဉ်ကို ပြည်သူတွေ လက်ထဲပြန်ရောက်အောင် လုပ်တဲ့ပွဲပါ။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရောက်ရေးအတွက် ကျနော်တို့ဘယ်ဖြစ်စဉ်နဲ့ အဆုံးသတ်မလဲဆိုတာ မဖြစ်မနေ ဖြေဆိုရမယ့်အချိန် ရောက်လာပါပြီ။
ပြည်သူတွေအားလုံးက ဖက်ဆစ်စစ်တပ်ရဲ့ တကျော့နှစ်ကျော့ တေးကိုသီတဲ့ ဂျင်းကိုမစားကြ တော့ပါဘူးဆိုတာ လုံးဝသေချာသွားပါပြီ။ ပြည်သူ့ဆန္ဒနဲ့အညီဆိုတဲ့ (တရုတ်၊ အာဆီယံ) နိုင်ငံတကာ ဖိအားတွေဟာ လက်တွေ့မှာ ဖက်ဆစ်ဆန္ဒနဲ့အညီဆိုတဲ့ အရွေ့ကိုတွန်းအားပေးမယ်ဆိုရင်တော့ သူတို့ ဟာ ရှုံးတဲ့မြင်းကို လောင်းတဲ့သူတွေအဖြစ်ထက် မပိုတော့ပါဘူး။ နွေဦးတော်လှန်ရေး ဘယ်လို အောင်ပွဲဆင်မလဲ၊ ဖက်ဆစ်တွေ ဘယ်လိုကျရှုံးမလဲဆိုတာ တွက်ချက်နေရတဲ့ အခင်းအကျင်းကြီး တစ်ခုလုံးမှာ တရုတ်အလိုတော်အတိုင်း ဖွဲ့စည်းပုံအသစ်တခု ရေးဆွဲကြပါစို့ဆိုတဲ့ ဂျင်းလောက် အော်ကလီဆန်တာ မရှိတော့ပါဘူး။ နွေဦး တော်လှန်ရေးဟာ ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်းကြောင့် မွေးဖွားလာတာလား၊ ဖက်ဆစ်စစ်တပ်ရဲ့ နိုင်ငံရေးဖြစ်စဉ်တခုလုံးကို လက်ဝါးကြီးအုပ်ပြီး ပြည်သူကို ရန်သူအဖြစ်ကြေညာကာ အင်အားသုံးဖြိုခွဲလို့ ပေါက်ကွဲထွက်လာတာလားဆိုတာ အဖြေက ရှင်းပါ တယ်။
လာမယ့် ရက်ပေါင်း ၂၀၀ဟာ ကျနော်တို့တိုင်းပြည်ရဲ့ ကြီးမားတဲ့အပြောင်းအလဲကြီး ဖန်တီး ပေါ်ပေါက်မယ့် အချိန်အခါဖြစ်ပါတယ်။ ပထမ ရက် ၁၀၀မှာ ရန်သူဖက်ဆစ်တွေရဲ့ ပြန့်ကြဲနေတဲ့ ရှေ့တန်းနဲ့နောက်တန်း အင်အားတွေကို တခုနဲ့တခု အဆက်ပြတ်သွားအောင် ဖန်တီးပြီး ဖက်ဆစ်ဌာန ချုပ် နေပြည်တော်ကို ပတ်ပတ်လည်ပိတ်ဆို့မယ့် သမိန်ဗရမ်းရဲ့ စစ်သေနင်္ဂဗျူဟာ အခင်းအကျင်း ကို ကျနော်တို့ မြင်တွေ့ရဖို့ရှိပါတယ်။ ဒီအချိန်ဟာ ကာမဏိရဲ့လက် လေထဲကိုမြှောက်လိုက်လို့ သမိန်ဗရမ်း ရဲ့လှံသွား ထိုးစိုက်ဝင်သွားတာဖြစ်ပြီး ပွဲမပြီးသေးပါဘူး။ စစ်ရဲ့အနိုင်အရှုံးအဖြေထွက်ဖို့ ပထမဆုံးခြေ လှမ်း ဖြစ်ပါတယ်။ မုန့်သယ်မသား မုန့်နားစားတဲ့အဆင့်ကနေ လှံသွားထိုးစိုက် ဝင်ရောက်တဲ့အချိန်မှာ အဖြေကို လူတိုင်းသိသွားကြပါပြီ။
ဒါဆိုရင် ဒုတိယ ရက် ၁၀၀ရဲ့အလားအလာကို ကျနော်တို့ ခန့်မှန်းနိုင်ကြပါပြီ။ ကာမဏိခေါင်းကို တိခနဲဖြတ်ချမှာလား၊ ဖွဲ့စည်းပုံအသစ်ရေးကြပါစို့လားဆိုတာ သမိုင်းသိတဲ့လူတိုင်း အဖြေထုတ်နိုင်ပါ တယ်။ ယာဘရှု၊ အာကာထွန်းဘောင်းဘီဝတ်၊ ခြင်းကြားထမ်းတဲ့ဖက်ဆစ်ကောင်တွေ ဒိုမီနိုသက် ရောက်မှုအတိုင်း ဝုန်းခနဲပြိုလဲပြီး လက်နက်ချမလား၊ အမျိုးဘာသာလဘာဂျာဆိုတဲ့ကြွေးကြော်သံနဲ့ ISIS အကြမ်းဖက်အဖွဲ့လို ပြောင်းလဲရပ်တည်သွားမလားဆိုတဲ့ မအလအလွန်ဖက်ဆစ်တွေရဲ့ အနေ အထားကိုလည်း နိုင်ငံတကာ လေ့လာသုံးသပ်သူတွေက သတိပေးနေကြပါပြီ။ နိုင်ငံတကာ အစိုးရ တွေနဲ့ စစ်ရေးလေ့လာသုံးသပ်သူတွေဟာ ဖက်ဆစ်စစ်တပ် ဘယ်လိုကျရှုံးမလဲဆိုတာထက် ဒီဖက်ဆစ် အလွန် အခင်းအကျင်းမှာ စိန်ခေါ်မှုအသစ်တွေက ဘာတွေလဲဆိုတဲ့ ခေါင်းစဉ်တွေဘက်ကို တောင် ရောက်လာကြပါပြီ။
လာမယ့် ရက်ပေါင်း ၂၀၀ဟာ ကျနော်တို့အားလုံးအတွက် အဆုံးအဖြတ်ပေးမယ့် နောက်ဆုံး အဆုံးသတ်ကာလ The Beginning of the End ပါပဲ။ မီးကုန်ယမ်းကုန်ကာလကို ဖြတ်သန်းရတော့ မှာမို့ ပြည်သူတွေရဲ့ရာဇဝင်ကို ကမ္ဗည်းရေးထိုးမှတ်ကျောက်တင်ရမယ့် အချိန်ဖြစ်လာပါပြီ။ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေ ဦးဆောင်တဲ့ စစ်ရေးကွပ်ကဲမှုအောက်က ပြည်သူ့ ကာကွယ်ရေးတပ်၊ ပကဖ၊ ဒေသန္တရကာကွယ်ရေးနဲ့ မြို့ပြပြောက်ကျားအင်အားစုတွေဟာ ရန်သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တခုချင်းစီကို ရိုက်ချိုးပြီး ရန်သူ့ရဲ့တပေါက်တည်းသော ထွက်ပေါက်ကို အပြီးတိုင် ဖျက်စီးလိုက်ဖို့ ခြေလှမ်းတွေပြင်နေကြပါပြီ။ ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးဖို့ ဝိုင်းကြီးချုပ် ကြပါစို့။
တိုက်ပွဲကား စလေပြီ။ ရက္ခိုင်ပြည်ထဲ သီတင်းပတ်အနည်းငယ် နှစ်ဖက်အပြန်အလှန် ဖမ်းဆီးမှု တွေနဲ့ တစတစ အရှိန်ယူလာနေတဲ့ စစ်ပွဲက မောင်တောမှာ ဇူလိုင် ၁၈ရက်နေ့က စတင်ပေါက်ကွဲထွက် လာတဲ့ တိုက်ပွဲ။ အနောက်မြောက်လွင်ပြင်၊ ရွှေဘိုလွင်ပြင်နဲ့ မိုးကောင်းလွင်ပြင်ကြီးပါဝင်တဲ့ စစ်ဒေသ ၃ မှာ ခရိုင်ကွပ်ကဲမှူးနဲ့ ကွပ်ကဲရေးအဖွဲ့တွေကို ထူထောင်ပြီး စစ်ရေးကွပ်ကဲမှုကို တည်ဆောက်ထား ပြီးပြီ၊ EAO စစ်ရေးကွပ်ကဲမှုအောက် ခရိုင်အလိုက်ဖွဲ့စည်းထားတဲ့ PDF တပ်ရင်းတပ်ဖွဲ့၊ အထူးကွန်မန် ဒိုစစ်ကြောင်းတွေ အထူးအဖွဲ့တွေ၊ မြို့နယ်အခြေခံ ပကဖတွေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေပေါ်မှာ အာဏာ တည်ဆောက်လည်ပတ်ရေး၊ လုံခြုံရေးတည်ဆောက်ရေးအတွက် လည်ပတ်ကြရမှာပါ။ ကိုယ့်အဖွဲ့နဲ့ ကိုယ် သီးခြားစီရပ်တည်နေကြတဲ့ ဒေသန္တရကာကွယ်ရေးအဖွဲ့ (LDF)တွေ ခရိုင်ကွပ်ကဲမှုအောက်မှာ စုစည်းကြဖို့ အရေးအကြီးဆုံးအချိန်ကို ရောက်လာပါပြီ။
ဇူလိုင် ၁၈ ရက်နေ့ တစ်ရက်တည်းမှာပဲ ဝိုင်းမော်က နန်ဇော်ယန်တိုက်ပွဲမှာ ဖက်ဆစ်စစ်တပ်၊ လီဆူးပြည်သူ့စစ်၊ ရှမ်းနီပြည်သူ့စစ် ၃ ဖွဲ့ပေါင်းနဲ့ ကေအိုင်အေနဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲကား စလေပြီ။ ဖက်စစ်စစ်တပ်ကို အမြစ်ဖြတ်ရမယ့် အဆုံးသတ်စစ်ပွဲအတွက် ဖွဲ့စည်းတည်ဆောက်ဗျူဟာ ခင်း၊ လက်နက်ခဲယမ်းမီးကျောက်နဲ့ စစ်ရေးကွပ်ကွဲမှုတွေ ဗဟိုကနေ ခရိုင်အဆင့်အထိ တည်ဆောက် ထားပြီးပြီလို့ ဧပြီ ၁၆ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးက ထုတ်ပြောပြီး နွေဦးတော်လှန်ရေးရဲ့ ပန်းတိုင်နဲ့ ရည်မှန်းချက်၊ အချိန်ကာလ ၃ပါးနဲ့လက်တွေ့ ဒီဖက်တိုအာဏာထူထောင်မှုအတွက် စစ်နဲ့တော်လှန်ရေး ဟာ အလှုပ်အယမ်းအများဆုံး အခြေအနေကို ရောက်လာခဲ့ပါပြီ။
ပထမရက်ပေါင်း ၁၀၀ ဟာ မိုးဗြဲ၊ ကျောက်ကြီး၊ ဝိုင်းမော်၊ မောင်တောက လူမျိုးစုလက်နက် ကိုင်တော်လှန်ရေးအင်အားစုရဲ့ ဦးဆောင်မှုနဲ့ စစ်နယ်ဝန်းကြီးဟာ ပြောက်ကျားစစ်ဗျူဟာ ခုခံစစ်အဆင့် ကနေ နောက်တဆင့်တက်လှမ်းသွားတဲ့ မှတ်တိုင်စမှတ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဘရဏီနက္ခတ် ထဲ ဝင်လာပါပြီ။ လွိုင်ကော်လွင်ပြင်နဲ့ ရှမ်းတောင်ပါဝင်တဲ့ စစ်ဒေသ ၂၊ စစ်တောင်းလွင်ပြင်နဲ့ ဒေါန တောင်တန်းပါဝင်တဲ့ စစ်ဒေသ ၁ တို့ကလည်း ကိုယ့်စစ်ဒေသအလိုက် ဗျူဟာကိုယ်စီနဲ့ စစ်ခုံကြီးတွေ လှုပ်ယမ်းလာနေပါပြီ။ လူထုရဲ့ တနှစ်ခွဲကြာ ဇွဲကောင်းကောင်း၊ စိတ်ပိုင်းဖြတ်မှုတွေနဲ့ ပန်းတိုင်အတွက် တောင့်ခံထားတဲ့ တည်ဆောက်မှုက ဖက်ဆစ်အသေကောင်ကနေ ဖုတ်ဝင်လာတဲ့ မြန်မာဖက်ဆစ် စစ်တပ်တစ်ခုလုံးကို အမြစ်ကမကျန် ရှင်းလင်းရမယ့် ကြားကာလ တော်လှန်ရေးအဆင့်ရဲ့ နောက်ဆုံး ခြေလှမ်း စတင်လိုက်ပါပြီ။
ပြိုကွဲပျက်စီးတော့မယ့် ရန်သူဟာ နောက်မဆုတ်စတမ်း အစွမ်းကုန်ယုတ်မာမှာပါ။ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီ ၁ရက်ကစလို့ ဗိုလ်နေဝင်း ထူထောင်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ဟာ ၇၁ နှစ်သက်တမ်းနဲ့ မျက်နှာ ဖုံး ကွာကျသွားပြီး နိဂုံးချုပ်ရမယ့်အချိန် ရောက်လာပါပြီ။ ရန်သူဟာ နောက်ဆုံးနည်းတွေထုတ်သုံးပြီး ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ လူမျိုးဘာသာမရွေး မခွဲခြားဘဲ ပြည်သူအားလုံးကို လူမျိုးဖြုတ်ရှင်းလင်းတဲ့ အကြမ်းဖက်မှုကြီးတွေနဲ့ တုံ့ပြန်ပါလိမ့်မယ်။
မျက်စိရှေ့မှာတင် ဖျတ်ခနဲပြိုလဲသွားတဲ့ စီးပွားပျက်ဒေဝါလီခံရမယ့် အခြေအနေနဲ့ ဖက်ဆစ် စစ်တပ်ကို ဘယ်သူကမှ တရားဝင်မှုမပေးတဲ့အောက်မှာ ပထမရက်၁၀၀ဟာ ဒီတိုင်းပြည်ကိုမြေပြင်မှာ အမှန်တကယ် လက်တွေ့အုပ်ချုပ်နေတဲ့ တရားဝင်အစိုးရက ဘယ်သူလဲဆိုတဲ့ စိတ်ပိုင်းဖြတ်မှု အခြေ အနေကိုရောက်အောင် တက်လှမ်းကြရပါမယ်။ စိုးမိုးထိန်းချုပ်တဲ့နယ်မြေမှာ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ပညာရေးကျန်းမာရေး ဝန်ဆောင်မှု ယန္တရားတွေလည်ပတ်မှုနဲ့ လူသားချင်းစာနာတဲ့ ကူညီထောက်ပံ့မှု တွေအရ အရပ်ဖက်အုပ်ချုပ်ရေးကို ထူထောင်ပြီး လက်တွေ့အရရော၊ ဥပဒေအရပါ အုပ်ချုပ်တဲ့ အစိုးရအဖြစ် ပထမ ရက် ၁၀၀ဟာ တွန်းတွန်းတိုက်တိုက် ဖြစ်လာပါလိမ့်မယ်။
အဆုံးသတ်တိုက်ပွဲဟာ အဟောင်းကိုဖြိုဖျက်ပြီး အသစ်ကိုတည်ဆောက်ရတဲ့ ကာလအပိုင်း အခြားဖြစ်တာမို့ သမိုင်းရဲ့ အင်မတန်အရေးကြီးတဲ့ အလှည့်အပြောင်းပါ။ တော်လှန်သူတစ်ဦးချင်းစီ တာဝန်ကိုယ်စီခွဲဝေယူပြီး လူမျိုးပေါင်းစုံရဲ့ လွတ်လပ်ရေးတိုက်ပွဲကြီးဟာ အိပ်မက်ထဲကတိုင်းပြည်ကို လက်တွေ့အကောင်အထည်ကြတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ “နေပြည်တော် မီးလောင်ပြီလား”ဆိုတဲ့ အခန်းသစ်တစ်ခုရဲ့ ခေါင်းစဉ်ဟာ ပြည်သူတွေရေးတဲ့သမိုင်းပါ။ နွေဦးတော်လှန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့ တိုင်းပြည်သစ်တစ်ခု ထူထောင်ခန်းနဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ စစ်တပ်သစ်တစ်ခုကို ထူထောင်ခန်း၊ ဖယ်ဒရယ်နဲ့ ဒီမိုကရေစီလမ်းစဉ်ကြီးဆိုတဲ့ The Grand Plan အတွက် ရက်ပေါင်း ၅၀၀ကို ကျော်ဖြတ် ခဲ့ပြီး ပစ္စုပ္ပန်ခရီးတထောက်ဟာ ကြားကာလနဲ့ အသွင်ကူးပြောင်းရေးကာလကြား အကူးအပြောင်းကို ရောက်လာပါတယ်။
သဘာဝအတိုင်း မုတ်သုန်ဟာ သူ့အချိန်ကျတဲ့အခါ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါပြီ။ နောက်တန်းကနေ ရိက္ခာမပို့နိုင်တော့လို့ ရှေ့တန်းဖြစ်သွားတဲ့ ကျေးရွာတွေမှာ ပစ္စည်းလု၊ လူသတ်၊ ဓါးပြ တိုက်၊ မီးရှို့နေတဲ့ ဖက်ဆစ်လူမိုက်ဂိုဏ်းဟာ ဒေါ်လာငွေကို ဓါးပြတိုက်နေပါတယ်။ ဘက်ပေါင်းစုံ အကြပ်အတည်းအောက်မှာ ရန်သူဟာ သူမမျှော်လင့်ထားတဲ့ တော်လှန်ရေးကြီးကြောင့် ရှင်သန်ရပ် တည်ရေးဆိုင်ရာစိန်ခေါ်မှုက ဖက်ဆစ်ဌာနချုပ်တံခါးဝရှေ့ကို ရောက်လာနေပါတယ်။ မြို့ပြတွေမှာ နန်းထိုက်အောင်စစ်ဆင်ရေး၊ စစ်ဒေသ ၃ ခုရဲ့ စစ်သေနင်္ဂဗျူဟာတွေနဲ့ မကြာမတင်မှာပဲ စစ်နဲ့တော် လှန်ရေးဟာ မြေပုံသစ်တစ်ခုကို မွေးဖွားပေးမှာပါ။
ကျနော်တို့ ဘာတွေကြုံတွေ့ရတော့မလဲဆိုတာ ဘဝပေးအရ တွေးဆကြည့်လို့ရနိုင်ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်း စီးပွားရေးအရ ဒေဝါလီခံလိုက်ရပြီး စားသုံးဆီ၊ စက်သုံးဆီတွေ ပြတ် တောက်၊ ဒေါ်လာဈေး ထိန်းမနိုင်သိမ်းမရ ဖရိုဖရဲဖြစ်သွားပြီး စားသုံးကုန်တွေ ဈေးနှုန်းမြင့်တက် လာမယ့် အထွေထွေအကျပ်အတည်းကြီးက “မင်္ဂလာပါ”လို့ နှုတ်ဆက်နေပါပြီ။ မြို့ပြတိုက်ပွဲနဲ့အတူ ရန်သူခြေကုတ်တွေကို ဖြိုလှဲပြီး လူထုလှုပ်ရှားမှုကြီး အောင်လံတစ်ခုပြီးတစ်ခုကို စိုက်ထူဖို့ပါပဲ။ သပိတ်၊ CDM၊ မြို့ပြပြောက်ကျား တိုက်ပွဲကနေ အရပ်ဖက်အုပ်ချုပ်ရေး၊ လုံခြုံရေးယန္တရားတွေကို ကိုယ်ထူကိုယ်ထ လည်ပတ်ပြီး ကိုယ့်ဒေသကိုယ် လွတ်မြောက်အောင် တိုက်ကြရမှာပါ။
အဲဒီအချိန်ကျမှ တာဝန်မဲ့လှတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ ကျနော်တို့စိတ်ကြိုက်ခင်းထားတဲ့ တော်လှန်ရေးလမ်းစဉ်နောက်ကို မဖြစ်မနေလိုက်ရမယ့် အခင်းအကျင်းကို ဖန်တီးရမှာပါ။ Wishful thinking တွေပါလို့ လှောင်ရယ်ကြမယ့်သူတွေ ကိုယ့်အိမ်စာ ကိုယ်လုပ်ရမယ့်အချိန်ပါ။ အချက် အလက်နဲ့ လက်တွေ့အဖြစ်အပျက်တွေကို ရုပ်ပုံကားချပ်ကြီးတစ်ခုလုံးကို ပုံဖော်ကြည့်နိုင်လေလေ အပြောင်းအလဲမြန်လွန်းလှတဲ့ ဒီကနေ့အခင်းအကျင်းရဲ့အရွေ့နဲ့ လားရာကို ကျနော်တို့မှန်းဆနိုင် လေလေပါ။
ကာမဏိကို မွေးရာပါ DNA ထဲကနေ အကြောက်ကြီးကြောက်ရှာလှတဲ့ အင်အားစုတွေဟာ သူ့တို့မျက်စိရှေ့က နိုင်ငံရေး၊ စစ်ရေးဇာတ်ခုံအပြောင်းအလဲတွေကို မင်သက်ပြီး ငေးကြည့်နေကြမှာပါ။ သမိုင်းရဲ့အမှိုက်ကလွဲပြီး ဘာမှမဖြစ်တော့မယ့် ဒီအင်အားစုဟာ ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ ရပ်ခဲ့တဲ့ ဒဏ်ကို သူတို့ပြန်ပေးဆပ်ရမှာပါ။ ပြည်သူနဲ့ဆန့်ကျင်တဲ့ဘက်မှာရပ်ခဲ့သူ၊ အားပေးထောက်ခံသူ အားလုံး ဟာ မုတ်သုန်မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံးရဲ့ ရိုက်ပုတ်မှုအောက် ပျောက်ကွယ်သွားရမယ်ဆိုတာ လောကဓမ္မတာပါ။ ၅ နှစ်ကနေ ၁၀ နှစ်အထိ ကြာမြင့်တတ်တဲ့ တော်လှန်ရေးသီအိုရီနဲ့ သမိုင်းတွေရဲ့ စံချိန်တွေကို ရိုက်ချိုးပြီး အရှိန်အဟုန်သစ်နဲ့ တော်လှန်စစ်ပွဲသစ်တစ်ခုဟာ ကမ္ဘာကြီးကို သင်ကြားပေး သွားပါတော့မယ်။ မိတ္ထီလာလွင်ပြင်မှာ သမိန်ဗရမ်းနဲ့ ဆုံတွေ့ကြပါစို့။