အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့တိုက်ခိုက်မှုအတွင်း အယ်လ်ကိုင်ဒါ ခေါင်းဆောင်သေဆုံး

Photo – PA

အာဖဂန်နစ္စတန်မှာ ဒီသီတင်းပတ်ကုန်ပိုင်းက အမေရိကန်ရဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း အယ်လ်ကိုင်ဒါခေါင်းဆောင် Ayman al-Zawahiri ကို သတ်ခဲ့တယ်လို့ သမ္မတ Joe Biden က ဩဂုတ်လ ၁ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒါဟာ ၂၀၁၁ ခုနှစ်က အယ်လ်ကိုင်ဒါကို တည်ထောင်သူ အိုစမာဘင်လာဒင် အသတ်ခံရပြီးနောက်ပိုင်း စစ်သွေးကြွအဖွဲ့အတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

Zawahiri ဟာ အီဂျစ်ခွဲစိတ်ဆရာဝန် တစ်ဦးဖြစ်ပြီး သူ့ရဲ့ဦးခေါင်းအတွက်ဒေါ်လာ ၂၅ သန်း ဆုကြေးငွေ ထုတ်ခံထားရတဲ့ အကြမ်းဖက်ခေါင်းဆောင်တစ်ဦးဖြစ်ကာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့တဲ့ ၂၀၀၁ခုနှစ် စက်တင်ဘာလက တိုက်ခိုက်မှုကို ညှိနှိုင်းကူညီပေးခဲ့သူ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဇူလိုင်လ ၃၁ရက်နေ့၊ မနက် ၆ နာရီ ၁၈ မိနစ် မှာ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် Zawahiri သေဆုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

“အခု တရားမျှတမှု ပေးလိုက်ပါပြီ၊ ဒီအကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး၊ ဘယ်မှာ ပုန်းနေပါစေ၊ မင်းဟာ ငါတို့ပြည်သူတွေကို ခြိမ်းခြောက်နေတယ်ဆိုရင် အမေရိကန်က မင်းကို ရှာတွေ့ပြီး မင်းကို ဖယ်ထုတ်လိမ့်မယ်” လို့ ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာတဲ့ အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်ရဲ့မှတ်ချက်စကားမှာ ပြောဆိုထားပါတယ်။  

Zawahiri ဟာ တခြားအကြီးတန်း အယ်လ်ကိုင်ဒါ အဖွဲ့ဝင်တွေနဲ့အတူ ယီမင်ရှိ USS Cole ရေတပ်သင်္ဘောကို ၂၀၀၀ ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့မှာ တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ယူဆရပြီး အဲဒီဖြစ်စဉ်မှာ အမေရိကန် သင်္ဘောသား ၁၇ ဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရရှိတယ်လို့ Rewards for Justice ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

၁၉၉၈ ခုနှစ် သြဂုတ် ၇ ရက်ကလည်း ကင်ညာနဲ့ တန်ဇန်းနီးယားနိုင်ငံရှိ အမေရိကန်သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၂၂၄ ဦး သေဆုံးပြီး ၅,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့အပေါ်  အမေရိကန်က Zawahiri ကို စွဲချက်တင်ထားခဲ့တယ်လို့လည်း သိရပါတယ်။