သုံးထပ်ကွေ့နဲ့ ရွှေအေးမြိုင်ဒေသတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတွေ နယ်စပ်ကို စစ်ရှောင်ကြရ

Photo- CJ
ကရင်ပြည်နယ် ၊ မြဝတီမြို့ တောင်ဘက် ဖလူး-ဝေါလေ လမ်းပိုင်းမှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ဩဂုတ် ၁ရက် ၊ ဒီနေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ KTLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသတွင်းကျေးရွာတွေက ဒေသခံတွေဟာ ထိုင်း-မြန်မာနယ်စပ် ထိုင်း ၊ ကရင်ရွာတွေဘက်ကို စစ်ဘေးရှောင်နေကြရတယ်လို့ ဝါးမီးထ ရွာသားတဦးက DNA ကိုပြောပါတယ်။
“ကျနော်တို့ ထိုင်းဘက်ကမ်းက ပြန်လာတာမှ နှစ်ရက် သုံးရက် လောက်ပဲ ရှိသေးတယ် ၊ စစ်ကောင်စီ စစ်ကြောင်းတွေ ရွာဘက် ရောက်လာတော့ တိုက်ပွဲတွေ ပြန်ဖြစ်တာကြောင့် ထိုင်းဘက်ကမ်း မော်ကိုထိုင်း ရွာဘက် ပြန်စစ်ရှောင်ရတယ်၊ အခုက မြ၀တီဘက် ၃ထပ်ကွေ့ မှာ ကလည်း တိုက်ပွဲ ဖြစ် ၊ ဒီဘက် ရွှေအေးမြိုင်နဲ့ ဝါးမီးထဘက်မှာလည်း ပစ်နေတာဆိုတော့ တော်တော်များများ ကိုယ့်နေရာမှာ ပြန်မနေရဲကြတော့ဘူး ၊ ဝါးမီးထ ဆေးရုံမှာ သူတို့စစ်တပ်တပ်စွဲထားပြီး စစ်ကြောင်းတွေ သေ့ဘောဘိုးဘက်ဆက်ဆင်းဖို့ သူတို့လုပ်နေကြတယ်။ အခု ရွာသားတွေ ထိုင်းဘက်ပြန်ကူးနေတာမှာ ထိုင်းကရင်ရွာတွေမှာ လူ ခုနှစ်ရာ ၊ တထောင်ဝန်းကျင်လောက် ပြန်ရှိလာနေတယ်”လို့ဆိုပါတယ်။
ဒီတပတ်အတွင်း ဥကရိထစစ်ကောင်စီစခန်းအနီး ရွှေအေးမြိုင်ကျေးရွာဘက်မှာ KTLA ကော်သူးလေ တပ်မတော်စစ်ကြောင်းနဲ့ အကြမ်းဖက်စစ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေသလို ၊ ဖလူး – ကဆောဝါးလေး ၃ ထပ်ကွေ့ နေရာအနီးမှာလည်း KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ပရာစစ်ကြောင်း နဲ့ BGF ပူးပေါင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုအကြား တန်ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ဘက်က အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရတာတွေ များနေတယ်လို့ စစ်ရေးနယ်မြေသတင်းရင်းမြစ်က ပြောပါတယ်။
“လေးကေကော်ကနေ – ဝေါလေ အထိကို သူတို့စစ်တပ်တွေ သိမ်းနိုင်အောင် စစ်ကြောင်း နှစ်ဘက် ၄ ကြောင်း ထွက်ပြီး နေ့ရော ၊ညရော တိုက်ခိုင်းနေတာလို့ သိရတယ်၊ ဥကရိထ၊ ရွှေအေးမြိုင်ဘက် မှာလည်း အသစ်ဖွဲ့ထားတဲ့ KTLA ကော်သူးလေတပ်မတော်နဲ့ တိုက်ပွဲ ဖြစ်နေတယ်၊ ၃ထပ်ကွေ့ မှာ လည်း KNU/KNLA ကော်ပရာစစ်ကြောင်းနဲ့ ပစ်နေတယ်၊ သူတို့ စစ်ကောင်စီတပ်က မြဝတီ ဘက်ကနေ အမြှောက်တွေနဲ့ ပစ်ကူပေးတာ၊ ဝေါလေစစ်ဗျူဟာက အမြှောက်ပစ်ကူပေးတာတွေ လုပ်ပြီး စစ်ကြောင်းတက်ထိုးတာတွေ လုပ်နေတော့ ညကနေ ဒီမနက် အထိတိုက်ပွဲက နေ့စဉ် ဖြစ်နေတယ် ၊ အထိအခိုက်ကတော့ နှစ်ဘက်စလုံး ရှိနေတယ်၊ တိုက်ပွဲထဲဆိုတော့ အတိအကျ ပြောမရသေးဘူး”လို့ ဆိုပါတယ်။
ဖလူး-ဝေါလေ တောင်ပေါ်လမ်းပိုင်းကို စစ်ကောင်စီတပ်က တပ်မ ၄၄ ၊တပ်မ ၂၂ တွေကို စုဖွဲ့ ထားတဲ့ စစ်ကြောင်း ၄ ကြောင်းက အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်ဆောင်မှု တွေကို ဒေသတွင်း KNU /KNLA ပူးပေါင်းတပ်တွေ၊ အသစ်ဖွဲ့စည်းထားတဲ့ KTLA ပူးပေါင်းတပ်တွေက တန်ပြန်တိုက်စစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒေသခံတွေဟာ ထိုင်းနိုင်ငံ နယ်စပ် မော်လီချိုင်း၊ မော်ကိုထိုင်း ၊ ထိုင်းဝေါလေ ကျေးရွာတွေဘက်ကို ဆက်လက် စစ်ဘေးရှောင် လာနေစဲ ဖြစ်ပြီး ယာယီစစ်ဘေးရှောင်သူတွေအတွက် စားသောက်စရာနေရာထိုင်ခင်း လိုအပ်ချက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။