ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှာ အကြမ်းဖက်စစ်တပ်က သေနတ်ဖေါက်ပြီး ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ၊ သစ်တောရုံးနဲ့ ဆောက်လုပ်ရေးရုံးကြားလမ်းမှာ ကင်းတာဝန်ယူထားတဲ့ စစ်ကောင်စီတပ်သားတွေက သေနတ်ပစ်ဖေါက်ပြီး ရပ်ကွက်ကို ခြိမ်းခြောက် နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
“မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လမ်းပေါ်ကနေ ဖောက်နေတာ ၁၄ ချက် ၁၅ ချက်မကပဲ။ ရပ်ကွက်ကိုခြိမ်းခြောက်တာပေါ့။ လူတွေကလည်း သူတို့ရှိနေတော့ ဖြတ်သွားဖြတ်လာ မလုပ်ကြဘူး။ ကိုယ့်အိမ်ကိုယ်အေးဆေးနေကြတာ။ ဒါကိုမကျေမနပ်ဖြစ်ပြီး ဖောက်တာလားတော့မသိဘူး” လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ဒ.က.စ အထွက်လမ်းမပေါ်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ ကလေးမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်နေသလို နေ့စဉ်ရက်ဆက် ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ ၄ ရက်တာအတွင်းမှာတင် ဖမ်းဆီးထားသူ ၇၆ ဦး ရှိနေပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကလေးမြို့လမ်းမကြီးပေါ်မှာ သွားလာသူ အနည်းငယ်ရှိပေမယ့် ရပ်ကွက်လမ်းတွေထဲမှာ သွားလာသူအင်မတန်နည်းပါးပြီး ခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။