ခင်ဦးက ပျူစောထီးတွေနေတဲ့ ရွာသစ်ကုန်းကျေးရွာက တပ်စခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ခင်ဦးမြို့နယ်ရှိ၊ ရွာသစ်ကုန်းကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပျူစောထီးများ နဲ့ စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့၊ ပြန်ကြားရေး တာဝန်ခံက DNA ကိုပြောပါတယ်။
“အထိခိုက်အကျဆုံး မသိရဘူးဗျ ။ မျက်မြင်တိုက်ပွဲဖြစ်ရင်တောင် သူတို့ဘက်ကကျရင် သယ်နိုင်ရင် သယ်တယ်။ မသယ်နိုင်ရင် မီးရှို့ အလောင်းဖျောက်ပစ်တာ ။သူတို့အကျဆုံး အတိအကျမသိအောင်ပေါ့ ။အခုက သူတို့စခန်းထဲဆိုတော့ သတင်းသိဖို့ မလွယ်ဘူးဗျ ။သေချာပေါက်ကတော့ အထိခိုက်များမှာ” လို့ပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီတပ်တွေဟာ အနီးအနားရှိ အင်းပတ်ကျေးရွာကို ရေဦးကြာပန်းဝိုင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ အသက် ၈၆ နှစ် အဖွားအို တဦးသေဆုံးခဲ့ပြီး ရွာသား ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အင်းပတ်ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် ဒေါ်ဝက်ဟာ ဦးခေါင်းထိခိုက်ဒါဏ်ရာ ဘယ်ဘက်မျက်စိ ထိခိုက်ဒါဏ်ရာ ကြောဘက် ထိခိုက်ဒါဏ်ရာ လက်မောင်း ဒါဏ်ရာနှစ်ချက်ရကာ ဆေးကုသမှု ခံယူနေချိန်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ကျန် ၂ ဦးကတော့ ဒါဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ခင်ဦးမြို့နယ် အတွင်းမှာလည်း ကျေးရွာတွေကို မကြာခဏဆိုသလို အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေရှိသလို နေအိမ်တွေကို မီးရှို့တာ ၊ တိရစ္ဆာန်တွေကို သတ်ဖြတ်တာ နဲ့ ပစ္စည်းတွေ ခိုးယူတာတွေကို လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
“ဒီဘက် ဒေသတွေမှာတော့ တခြားမြို့တွေနဲ့အလားတူပါပဲ။ စစ်ကြောင်းထိုးရင် အင်အားက အမြဲတရာကျော်နဲ့ လက်နှက်အပြည့်စုံနဲ့ ထိုးတာ ။ ရွာတွေဝင်ပြီဆိုရင် လက်နှက်ကြီးနဲ့ အရင်လှမ်းထုတာ တွေ့တဲ့သူ သက်ကြီး ရွယ်အိုမရွေး ရိုက်တယ် သတ်တယ် နေအိမ်တွေ မီးရှို့တယ် လိုချင်တဲ့ပ္စည်းတွေ ယူသွားတယ်”လို့ Dragon Urban Guerrilla အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်တပ်သားတွေရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေကြောင့် ပြည်သူတွေ မကြာခဏ ဆိုသလို ထွက်ပြေးတိမ်းရှောင်နေကြရပြီး နေအိမ် မီးရှို့ခံခဲ့ရတဲ့ ပြည်သူတွေ လည်း အမြောက်အမြားရှိနေ တယ်လို့ သိရပါတယ်။
“စစ်ကြောင်းလာရင် လာသမျှ လမ်းတစ်လျှောက်က ရွာတွေဟာ စစ်ရှောင်ပဲ။ လွတ်ရာကို ပြေးရတယ်။စစ်တပ် ပြန်သွားမှ ကိုယ့်အိမ်ကို ပြန်ကြတယ်။ တချို့လည်း ပြန်သာလာတာ အိမ်က မီးရှို့ခံရလို့ မရှိတော့ဘူး”လို့သူက ဆက်ပြောပါတယ်။
အင်းပတ်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို Dragon Urban Guerrilla Force(KU Dragon) Wolf Guerrilla (Ye-U) KSO(Khin-U) Royal Tiger Guerrilla Force နွေဦးလင်းယုန် L.W.G.R.F(Khin – U) BOB-DF Hero Army(Khin-U) Fighter One (Shwe Bo) KUGF(Khin-U) အဖွဲ့နဲ့ အတူမဟာမိတ်တပ်တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။