စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းရွာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးတစ်ဦး လည်ပင်းကျည်ဆန်ရှပ်မှန်ကာ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။
မြင်းဒေါင်းကျေးရွာ အ.ထ.က စာသင်ကျောင်းအနီးမှာ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် စိုက်ပျိုးခင်းရှင်းဖို့လာတဲ့ ဒေသခံမိသားစု ၃ ဦးအနက် ၃ နှစ်အရွယ် ကလေးငယ်ရဲ့ လည်ပင်း ကျည်ရှပ်မှန်ခဲ့တာဖြစ်ကြောင်း Khin U Support Organization-KSO က ထုတ်ပြန်ပါတယ်။
‘အခုအချိန်ထိတော့ အသက်အန္တရာယ်မရှိဘူးလို့ သိရတယ်။ဒါပေမဲ့၊ ကလေးဆိုတော့ ပိုခံရတာပေါ့။ စစ်ခွေးတွေ ထင်ရာလုပ်သမျှ ကလေးတွေပါမကျန် ခံနေရတော့တာပဲ’ လို့ ခင်ဦးမြို့နယ်၊ မြကန်သာရပ်ကွက်နေ လူငယ်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရေဦး-ခင်ဦးလမ်းပိုင်းမှာ လာသမျှ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေပြီး လမ်းပိုင်းတစ်လျှောက် ကင်းပုန်းလည်းချထားပုံရတာကြောင့် တခြားလမ်းကနေသာ သွားလာကြဖို့ Khin U Support Organization-KSO ကထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၉ နာရီခွဲလောက်ကတည်းက ခင်ဦး-ရေဦးလမ်းပိုင်းပေါ် အသွားအလာတွေ ရပ်ထားကြဖို့ KSO က ထုတ်ပြန်ထားပါတယ်။