သထုံ၊ ထုံးဖိုလေးရွာကို ဒီနေ့မနက်မှာ စစ်တပ် ထပ်မီးရှို့၊ဘုန်းကြီးကျောင်းပါမကျန် ပြာကျ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ထုံးဖိုလေးရွာကို အကြမ်းဖက်စစ်တပ်က ဒီနေ့မနက်ပိုင်းမှာ ဒုတိယအကြိမ်လာရောက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ကြောင်း သိရပါတယ်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ ဝီယော်ကျေးရွာအုပ်စု၊ ထုံးဖိုလေးရွာကို အကြမ်းဖက်စစ်တပ်က ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့နယ် NLD အမတ်ဟောင်းတစ်ဦးက ပြောပါတယ်။
‘မနေ့ညနေကတည်းက ရှို့တာ။ မနေ့ည ၁၀ နာရီ၊ ၁၁ နာရီလောက်မှာ မီးတွေရဲနေရော။ ဒီနေ့မနက်မှာလည်း စစ်တပ်က ရွာထဲ ထပ်လာရှို့လို့ တစ်ရွာလုံး ဘုန်းကြီးကျောင်းပါမကျန် ကုန်ပြီ’ လို့ သူကပြောပါတယ်။
အခုလို ရွာလုံးကျွတ်မီးရှို့ခံရတဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံအောက်ဘက်ပိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ထုံးဖိုလေးရွာသားအားလုံး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
‘မြို့ပေါ်မှာ ဆွေမျိုးရှိတဲ့လူတွေက မြို့ပေါ်တက်ပြေးတယ်။ မရှိတဲ့လူတွေက တခြားနီးစပ်ရာရွာတွေဆီ ပြေးနေရတယ်’ လို့ သူကပြောပါတယ်။
အခုကာလဟာ မိုးရာသီဖြစ်တာကြောင့် စစ်ရှောင်သက်ကြီးရွယ်အိုနဲ့ကလေးတွေရဲ့ ကျန်းမာရေးစိုးရိမ်ရပြီး စားနပ်ရိက္ခာလည်း အလွန်ခက်ခဲနေတာကြောင့် လှူဒါန်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ထုံးဖိုလေးရွာဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ဉယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်တဲ့ ရွာဖြစ်ပါတယ်။