ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးတဲ့ ရဲတပ်ကြပ်ကြီးကို ဖမ်းပြီး မိသားစုကို လိုင်းခန်းက နှင်ထုတ်

ဇွန်လ ၁၉ ရက်နေ့ကကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို လူမှုကွန်ရက်စာမျက်နှာမှာ ရည်ရွယ်သူအမည်မပါပဲ ဆုတောင်းစာရေးခဲ့လို့ အဖမ်းခံထားရတဲ့ ပုသိမ်ရေကြောင်းရဲတပ်ဖွဲ့စုက တပ်ကြပ်ကြီး သန့်ဇင်ဦးရဲ့ မိသားစုကို စစ်အုပ်စုက လိုင်းခန်းကနေ နှင်ထုတ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ဆရာကြီးကို ဖမ်းထားတာ ခုထိပြန်မလွှတ်ပေးသေးဘူး ၊ခုလည်း သူ့မိသားစုကို လိုင်းခန်းက နေနှင် ထုတ်ထားတယ်” လို့ ဆိုပါတယ်။
ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး သူ့ရဲ့မိသားစုကိုတော့ အိမ်ထောင်သည်လိုင်းခန်းက ဖယ်ပေးရမှာ ဖြစ်လို့ ပြင်ဆင်ထားဖို့ တာဝန်ရှိသူက ဇွန်လ ၂၃ ရက် မနေ့က အသိပေးခဲ့တာပါ။
ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးက သူ့ရဲ့ Ko Zin Oo အကောင့်မှာ ဇွန်လ ၁၉ ရက်နေ့က “Happy Birthday ပါ အသက်ရှည်ရှည်နေရပါစေ”ဆိုတဲ့ ဆုတောင်းစာကို ရည်ရွယ်သူအမည်မဖေါ်ပြပဲ ရေးခဲ့တာဖြစ်ပါတယ်။
ဆုတောင်းစာရေးပြီး နောက်တနေ့မှာ ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်မှာ “ ဘယ်သူ့အတွက် မွေးနေ့ဆုတောင်းပေးနေတာ မေးပေးကြပါဦး ၊ စာတကြောင်းနဲ့ ဘဝပျက်သွားချင်လို့ ထင်တယ်”လို့ ရေးသားထားပြီး ဓါတ်ပုံတွေနဲ့ ပူးတွဲဖေါ်ပြခဲ့ပါတယ်။
” ဟန်ငြိမ်ဦး တယ်လီဂရမ်ကနေ ခြိမ်း ခြောက်ခံရပြီဆိုရင် သိပ်မကြာဘူး အဖမ်းခံတာပါဘဲ” လို့ ပုသိမ်မြို့ခံ တစ်ဦးကပြောပါတယ်။
ဖေဖော်ဝါရီလအတွင်းက လူမှုကွန်ရက်မှာ ထင်မြင်ချက် ရေးသားတဲ့ ပုသိမ်မြို့က ရဲမှူးတစ်ဦးနဲ့ စစ်ဘေးရှောင်တွေကို ငွေကြေးလှူဒါန်းတဲ့ ပုသိမ်မြို့ခံ အမျိုးသမီး ၃ဦးကို ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်က ခြိမ်းခြောက်ရေးသားမှုအပြီး စစ်တပ်ကလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။