လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံးလွှဲဖို့ သံအမတ်ကြီးတိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် လူသားမဆန်တဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာ တရားရုံးဆီ လွှဲပြောင်းဖို့ အရေးတကြီးလိုအပ်နေပြီလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။
ဇွန်၂၄ရက်နေ့၊ ကာကွယ်မှုပေးရန် တာဝန်ရှိမှု (Responsibility to Protect) နဲ့လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ် ရာဇဝတ်မှု၊ လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုနဲ့လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စာလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ရာ အဲဒီလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ အသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်ရှိမှု၊ ကတိကဝတ်အတိုင်း အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းကြောင်းလည်းဆိုပါတယ်။
တရားမဝင်စစ်တပ်ဟာ သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့စပ်လျဉ်းပြီး သက်သေအထောက်အထားများစွာရှိနေတဲ့ကြားက ပြစ်ဒဏ်ကျသင့် မခံရတဲ့ အခွင့်အရေးကို အပြည့်အဝခံစားနေကြောင်းလည်းသံအမတ်ကြီးကဆိုပါတယ်။
ဒါ့ကြောင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ စစ်တပ်ရဲ့ ပြစ်ဒဏ်ကျသင့်မခံရခြင်းကို အဆုံးသတ်ပြီး ကျူးလွန်တဲ့ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး ပြတ်သားညီညွတ်တဲ့ အရေးယူဆောင်ရွက်မှုကိုချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေအပေါ် ဘက်ပေါင်းစုံကနေ စနစ်ကျကျ ဆိုးဝါးပြင်းထန်တဲ့လုပ်ရပ်တွေ ကျူးလွန်နေရာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားရဲ့ကနဦးသုံးသပ်ချက်အရ အာဏာသိမ်းစစ်တပ်ကကျူးလွန်တဲ့ ပြစ်မှုတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှု မြောက်နိုင်တယ်လို့ ဖော်ပြထားသလိုမြန်မာနိုင်ငံလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ရဲ့အစီရင်ခံစာမှာ မြန်မာ ကလေးငယ်တွေအပေါ် စစ်တပ်ရဲ့ လူသားမဆန်တဲ့လုပ်ရပ်တွေက ဆိုးဝါးစွာ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် မျိုးဆက်ဆုံးရှုံးနိုင်တဲ့အန္တရာယ်ကနေ​ ကာကွယ်ဖို့ ချက်ချင်းညီညွတ်တဲ့အရေးယူ ဆောင်ရွက်မှုပြုလုပ်ဖို့ တိုက်တွန်းထားကြောင်းလည်းဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ပြတ်သားညီညွတ်တဲ့ အရေးယူဆောင်ရွက်မှု ချမှတ်ဖို့ဆိုတာ မြန်မာပြည်သူတွေရဲ့ ထပ်တလဲလဲတောင်းဆိုချက် ဖြစ်ကြောင်း မြန်မာပြည်သူ တွေအနေနဲ့သူတို့ကို ကာကွယ်ပေးဖို့ R2P ဆိုင်းဘုတ်တွေကိုင်ကာကျယ်လောင်စွာ တောင်းဆိုခဲ့ ပေမဲ့ အရေးယူအလေးထားခြင်း မခံရကြောင်းဒါ့ကြောင့် မြန်မာပြည်သူတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြတ်သားညီညွတ်တဲ့ အရေးယူဆောင်ရွက်မှုကိုရရှိဖို့ နောက်ထပ်အသက် တွေဘယ်လောက်ထိ ဆုံးရှုံးအနစ်နာခံရဦးမှာလဲဆိုတဲ့ မေးခွန်းကိုသာ တစိုက်မတ်မတ် မေးမြန်းနေကြောင်းသံအမတ်ကြီးကပြောပါတယ်။
စစ်တပ်၏ ရက်စက်ယုတ်မာသည့် ဗီဇနှင့် လုပ်ရပ်ကို RFAက ရရှိတဲ့ စစ်သားတစ်ဦးရဲ့ လက်ကိုင်ဖုန်း ဗီဒီယိုမှတ်တမ်းက သက်သေပြလျက်ရှိပြီး အဲဒီဗီဒီယိုဟာ စစ်တပ်က ပြည်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ထိတ်လန့်စက်ဆုပ် ဖွယ်ဖော်ပြနေကြောင်းလည်းဆိုပါတယ်။