ဂန့်ဂေါနယ်တောင်ပိုင်းက စစ်ဘေးရှောင် တထောင်ခန့် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေ

အကြမ်းဖက်စစ်တပ်ရန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း ၊မြစ်သာဆည်အနီးအနား ဝန်းကျင်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ပြည်သူတစ်ထောင်ခန့်ရှိ​တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ ပနန်း၊ယင်းမာ၊စင်ပုံ ၊အနောက်တောလေးရွာစတဲ့ ရွာတွေကဖြစ်ပါတယ်။ လက်ရှိမှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေး အခက်အခဲဖြစ်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“ မြစ်သာဆည်နားက ရွာတွေပေါ့။ ပနန်း ၊ယင်းမာ၊စင်ပုံ ၊အနောက်တောလေးရွာပေါ့လေ။ အဲဒီရွာတွေ ရှောင်နေရတယ်။ ကျမတို့လည်း လမ်းသင့်ရင်သင့်သလို ကူညီမူတတ်နိုင်သလောက်ပေးနေပါတယ်။ ဟိုတနေ့ကဆို မိုးတော်တော်ရွာတာ။ တော်တော်ဒုက္ခရောက်ကြမှာ” လို့ ဂန်ဂေါမြို့ခံတစ်ဦးကဆိုပါတယ်။
ဂန့်ဂေါနယ်တောင်ပိုင်းမှာ မေလနှောင်းပိုင်းကတည်းက အကြမ်းဖက်စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်နေတာကြောင့် ဆက်သွယ်ရေးအခက်အခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
” ဖုန်းလိုင်းတွေမရတာကလည်း တော်တော်အခက်အခဲဖြစ်တယ်ဗျ။ ကူညီမူတွေပေးဖို့ရာမှာ ဆက်သွယ်မူကလည်း အရေးကြီးတယ်။ လိုအပ်ချက်ကိုပြည်သူတွေအချင်းချင်းသိဖို့လိုတယ်” လို့ နောက်ထပ်ဂန့်ဂေါမြို့ခံတဦးက မှတ်ချက်ပြုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာတွေကို မွှေနှောက်ဖျက်ဆီးတာ၊ ပြည်သူပိုင် အဖိုးတန်ပစ္စည်းတွေကို မတရားသိမ်းဆည်း ယူဆောင်တာတွေအပြင် ဒေသခံပြည်သူတွေကို လူမဆန်စွာသတ်ဖြတ်တာ၊ နေအိမ်မီးရိူ့တာတွေကို ကျူးလွန်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
– ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။