ည ရှစ်နာရီတိုင်း သံပုံးတီးကြဖို့ အာဏာရှင်ဆန့်ကျင်ရေးလူငယ်သပိတ်အဖွဲ့တွေ တောင်းဆို

Photo – CJ
ရန်ကုန်ပြည်သူလူထုအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ကြဖို့နဲ့ ည ၈ နာရီတိုင်း သံပုံးတီးဖို့ကို အာဏာရှင်ဆန့်ကျင်ရေး လူငယ်သပိတ်တွေက ဒီကနေ့မှာ ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်က အင်အားအများအပြားသုံးပြီး ပိတ်ဆို့ရှာဖွေတာနဲ့ ဖမ်းဆီးနေတဲ့ကြားက လူငယ်တွေဦးဆောင်ပြီး အခုလို လှုပ်ရှားခဲ့ကြပါ။
ဒီကနေ့ ဇွန် ၂၅ ရက်နေ့က ကျောင်းသားလူငယ်တွေဦးဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး ဆန္ဒပြခဲ့ကြပြီး ည ၈ နာရီတိုင်းသံပုံးတွေ ပြန်တီးကြဖို့ စစ်အုပ်စုအစိုးရကို လက်မခံကြောင်း ရတဲ့နည်းနဲ့ ဆန့်ကျင်ဖို့ စစ်အုပ်နဲ့ ပတ်သတ်တဲ့လူပုဂ္ဂိုလ်တွေကို လူ့ဘောင်အသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ကြဖို့ လှုံ့ဆော်တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် အကြမ်းမဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာတော့ “မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ မတရားကြိုးပေးသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးရဲ့စကားဖြစ်တဲ့ “ငါတို့ရဲ့ ခန္ဓာကိုယ်သာသတ်လို့ရမယ် ငါတို့ရဲ့ ယုံကြည်မှုတွေရပ် တည်ချက်တွေက ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး”စတာတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာတော့ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)ကဦးဆောင်ပြီး ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) ၊ Labour Alliance အဖွဲ့ဝင် (CTUM) ၊ဗမာ့လူငယ်ကွန်ရက် (BamaYouth Network)၊စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)၊ပညာနန်းတော်ကိုယ်ပိုင်​ကျောင်း ကျောင်းသားများသမဂ္ဂ၊LGBT Community Yangonစတဲ့ အဖွဲ့ ၆ ဖွဲ့က စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(SC Strike)က ထုတ်ပြန်ပါတယ်။