ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင်(ခ)ဂျိမ်းစ် မိသားစုနဲ့ အဆက်အသွယ်မရသေး

ဇွန်လ ၁၈ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ကိုလင်းထက်နိုင်(ခ)ဂျိမ်းစ်ဟာ မိသားစုနဲ့ အဆက်အသွယ်မရသေးဘူးလို့ နီးစပ်တဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။
ကိုလင်းထက်နိုင်ကို ဇွန် ၁၈ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရချိန်မှာ ကိုလင်းထက်နိုင်ရဲ့ တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သူနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
“၁၈ရက်နေ့က အဖမ်းခံခဲ့ရတာ။ဗိုလ်တထောင်မြို့နယ်ထဲမှာ နေရာတော့ အတိအကျမသိဘူး။သူနဲ့အတူ သူရဲ့ကလေးတစ်ယောက်လည်းပါတယ်။”လို့ သူက ပြောပါတယ်။
ဖမ်းဆီးခံရပြီးနောက်မှာတော့ ကလေးငယ်ကို မိခင်ဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်နဲ့လဲလှယ်ရမယ်ဆိုတာမျိုး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဘက်က ကလေးကို ပြန်ပို့ပေးခဲ့တယ်လို့လည်း အဲဒီနီးစပ်သူက ဆိုပါတယ်။
” စစချင်း ၁၈ ရက် ညသတင်းမှာတော့ ခလေး ပြန်လိုချင်ရင် မိခင်ဖြစ်သူနဲ့ အလဲအထပ် လုပ်ရမယ်လို့ကြားခဲ့ရတယ်။နောက်ပိုင်းတော့ ဖမ်းဆီးရေးအဖွဲ့က ခလေးကို ပြန်ပေးလိုက်တာဖြစ်မယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ကိုလင်းထက်နိုင်(ခ)ဂျိမ်းစ်ကို အကြမ်းဖက်စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလည်း ဆိုတာ မသိရသလို မိသားစုနဲ့ အဆက်အသွယ်လည်း မရသေးဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းဆီက သိရပါတယ်။
ကိုလင်းထက်နိုင်(ခ)ဂျိမ်းစ်ဟာ အကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ထုတ်ခံထားသူဖြစ်ပါတယ်။