ပုလောအပြစ်မဲ့ပြည်သူတချို့ ထိခိုက်မှု PRDF နဲ့မဆိုင်

အခုရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ ပုလောဒေသမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှုရှိနေခြင်းဟာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
မင်းထိန်ကျေးရွာရှိ အမျိုးသမီး အသတ်ခံရတဲ့ကိစ္စ၊ တိုရွာမှာ Non-CDM ဝန်ထမ်းတဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ဇွန် ၂၁ ရက်နေ့၊ မန်းကျည်းကုန်းရွာမှာ ပြည်သူ (၂) ဦး အပစ်ခံရတဲ့ ကိစ္စတွေကြောင့် ပြည်သူတွေ စိတ်မလုံခြုံမှု၊ ဘဝင်မကျမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ် PRDF က သူတို့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။
PRDF ဟာ ပြည်သူတွေအတွက် ရပ်တည်တိုက်ပွဲ ဝင်နေခြင်း ဖြစ်တာကြောင့် အပြစ်မဲ့ပြည်သူတွေကို ထိခိုက်မှုရှိအောင် လုပ်မှာမဟုတ်ဘူးလို့ဆိုပါတယ်။
PRDF ဟာ စစ်အာဏာရှင် ထောက်တိုင် တိုက်ခိုက်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ သေချာစိစစ်ပြီး အမှန်တကယ် ပြည်သူတွေကို သစ္စာဖောက်တဲ့သူဖြစ်မှသာ၊ မတတ်သာတဲ့အဆုံး နောက်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းခြင်း ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စိတ်ချလက်ချ စိတ်လုံခြုံစွာ နေနိုင်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
တစ်စုံတစ်ရာ အမှားအယွင်း ဖြစ်ပေါ်ခဲ့ပါကလည်း ဖုံးကွယ်ထားခြင်း မရှိဘဲ လူကြီးလူကောင်းပီသစွာ တာဝန်ယူ ဖြေရှင်းပေးမှာ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။