ပုံမှန်မဟုတ်တဲ့ အပူလှိုင်းတွေကြောင့် စပိန်အနောက်မြောက်ပိုင်း ဇမိုးရား ပြည်နယ်မှာ တောမီးလောင်ကျွမ်းခဲ့ပြီး ဧက ၆သောင်း ၁ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇွန်လ ၁၉ရက်နေ့မှာ ပြောပါတယ်။
တောမီးနီးကပ်လာတာကြောင့် အဲဒီနေ့မှာပဲ ဘာလင်မြို့အနီးရှိ ရွာသုံးရွာမှ ဒေသခံတွေကို သူတို့ရဲ့ နေအိမ်တွေကနေ ထွက်ခွာဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဂျာမန်အာဏာပိုင်တွေက ဆိုထားပါတယ်။
ဂျာမနီမှာလည်း လေပြင်းတိုက်ခတ်မှုကြောင့် ဘာလင်မြို့အနောက်တောင်ဘက် ကီလို ၅၀ အကွာမှာ မီးလောင်ကျွမ်းခဲ့ပြီး တာဝန်ရှိသူတွေက ဇွန်လ၁၈ရက်နေ့မှာ အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်။
နိုင်ငံရဲ့ အမျိုးသားမိုးလေဝသအေဂျင်စီက ဇွန်လ ၁၉ရက်နေ့က အရှေ့ဘက်တိုင်းတာရေးစခန်းတချို့မှာ အပူချိန် ၃၈ ဒီဂရီ ဆဲလ်စီးယပ် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။
စပိန်နိုင်ငံအနှံအပြားမှာ ရက်သတ္တတစ်ပတ်လုံး အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်အထက် မြင့်တက်ခဲ့ပြီး အခုနှစ်မှာ လေပြင်းတိုက်ခတ်မှုနဲ့အတူ မိုးရွာသွန်းမှု နည်းပါးတာကြောင့် မီးလောင်မှုအခြေအနေတွေ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
လေတိုက်နှုန်းဟာ တစ်နာရီ ကီလိုမီတာ ၇၀ အထိ တိုက်ခတ်တဲ့အတွက် လေလမ်းကြောင်းကို ပြောင်းလဲစေပြီး အပူချိန်နဲ့ပေါင်းစပ်ကာ မီးငြှိမ်းသတ်ရာမှာ မီးသတ်သမားတွေအတွက် အခက်တွေ့စေခဲ့တယ်လို့ ဆိုပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၆၅၀ကျော်အပြင် ဝေဟင်ကနေရေငြိမ်းသတ်တဲ့ လေယာဉ်တွေကို အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။