စစ်တပ်မီးရှို့ခဲ့တဲ့ ကလေးတောင်ပိုင်းက ရွာတွေမှာ မီးလောင်ပြင်အပူဒဏ်ကြောင့် ဒေသခံတွေ ပြန်နေဖို့ အခက်ကြုံ

အကြမ်းဖက်စစ်တပ်မီးရှို့ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ၊ အရှေ့စည်းရွာနဲ့ ရှားဖိုရွာမှာ မီးလောင်ပြင်အပူရှိန်ကြောင့် ရွာမှာပြန်အခြေချဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေက DNAကို ပြောပါတယ်။
” ပူတာပ။ အဲမြေပေါ်သွားရပ်နေရင် ချွေးပြိုက်ပြိုက်ကျလာရော။ မိုးတော်တော်ရွာတာကို မရဘူး ပူတုန်းပဲ။ ဒီမိုးရာသီပြီးမှနေလို့ဖြစ်မလာားမသိဘူး” လို့ ရှားဖိုရွာသားတစ်ဦးကဆိုပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာဟာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး ရှားဖိုရွာဟာလည်း အိမ်ခြေရာကျော်ရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က လွန်ခဲ့တဲ့တစ်လလောက်က ကျေးရွာတွေကို မီးရှို့ခဲ့တာဖြစ်ပေမယ့် မီးလောင်ထားတဲ့ မြေပြင်ရဲ့အပူရှိန်ဟာ အခုအချိန်အထိ ပူလောင်နေတဲ့အပြင် ၊ ကျန်းမာရေး ထိခိုက်မှုတွေရှိတာကြောင့် ဒေသခံအချို့ တခြားနေရာတွေကို ပြန်ရွှေ့ပြီးနေရတယ်လို့လည်း အရှေ့စည်းရွာသားတစ်ဦးက ပြောပါတယ်။
” မရဘူး။ မိုးရွာပေမယ့်ပူတာပဲ မီးလောင်ပြင်က။ ကျမတို့ရွာက အိမ်ခြေ ၄၀၀ ကျော်လောင်တာဆိုတော့ တော်တော်ပူတာ။ တချို့ ကိုယ့်အိမ်ဝင်း မီးလောင်ပြင်ပေါ်ဆောက်နေကြတာ။ ကျန်းမာရေးတွေထိခိုက်လို့ ပြန်ရွေ့ရတယ်။ ကျမတို့အိမ် အိမ်ဝင်းတော်တော်ကျယ်တာတောင် မီးမလောင်တဲ့ တောင်ဘက်မှာ ဆောက်ပေမယ့်ပူတယ်။ ညနဲ့ မိုးရွာတဲ့အချိန်နေ။ ကျန်တဲ့အချိန်ကတော့ မီးမလောင်ပဲကျန်ခဲ့တဲ့ အိမ်အောက်သွားနေရတယ်။ နောက်တစ်နှစ်လောက်ကြာမှ အဲမြေပေါ်နေလို့ကောင်းမယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ပြည်သူအချင်းချင်းကူညီမူတွေကြောင့် ဆန်နဲ့၊ မိုးကာတွေရပေမယ့် နေစရာအတွက် တဲတွေကိုတော့ မီးလောင်ထားတဲ့သွပ်အမိုးတွေ၊ မိုးကာတွေနဲ့ ပြန်ကာပြီး နေရတယ်လို့ ဒေသခံတွေ​က ပြောပါတယ်။