ကရင်အမျိုးသားလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ခဲ့တဲ့ ပြည်သူနဲ့ရဲဘော်တွေကို ဂုဏ်ပြုသစ်ပင်စိုက်

Photo – Karen National Union
ကရင်အမျိုးသား လွတ်မြောက်ရေးအတွက် အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေအပေါ် ရည်စူးပြီး သစ်ပင်စိုက်ပျိုးခြင်းကို ကျောက်ကြီးမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်၊ကော်သူးလေသစ်တော်ဌာန(KFD)က ဦးဆောင်ပြီး ကရင့်အမျိုးသားရဲတပ်ဖွဲ့(KNPF)၊ စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန(DOI) နဲ့ ကျေးရွာပြည်သူလူထု ပူးပေါင်းကာ ဇွန်လ ၁၈ ရက်နေ့၊မနက် (၈) နာရီကစပြီး ဘောကထာသစ်တောကြိုးဝိုင်းအတွင်း သစ်ပင်တွေစိုက်ပျိုးကြကြောင်း ကေအဲန်ယူ(ဗဟို)က ထုတ်ပြန်ပါတယ်။
ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရဲ့ နယ်မြေအုပ်ချုပ်ရေး စနစ်မှာ စည်းရုံးရေးနဲ့ပြန်ကြားရေးဌာန၊ ကျန်းမာရေးနဲ့ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးဌာန၊ ပညာရေးနဲ့ယဉ်ကျေးမှုဌာန၊ လယ်ယာစိုက်ပျိုးရေးဌာန၊ သစ်တောဌာန၊ အခွန်နဲ့ဘဏ္ဍာရေးဌာန၊ သယ်ယူပို့ဆောင်ရေးနဲ့လမ်းပန်းဆက်သွယ်ရေးဌာန၊ မွေးမြူရေးနဲ့ရေလုပ်ငန်းဌာနနဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)တို့ရှိပါတယ်။
ဒါ့အပြင် တရားစီရင်ရေးကော်မတီ၊ စည်းကမ်းကြီးကြပ်ထိန်းသိမ်းရေးကော်မတီ၊ စစ်ကော်မတီ၊ ဘဏ္ဍာရေးကော်မတီ နဲ့ နာယကအဖွဲ့တွေရှိကြပြီး ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်ရဲ့ စီမံအုပ်ချုပ်ရေးနယ်မြေ အတွင်းရှိပြည်သူတွေကို ဝန်ဆောင်မှုပေးနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။