ပူတာအိုကနေဆင်းလာတဲ့စစ်ယာဉ်တန်း မြစ်ဆုံမှာ မိုင်း ၁၆လုံးနဲ့ တိုက်ခိုက်ခံရ

PHOTO-Kachinland News
ကချင်ပြည်နယ်၊ ပူတာအိုမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ယာဉ်တန်းကို မြစ်ဆုံ ၊တန်ဖဲကျေးရွာနဲ့ ကျိန်ခရန်ကျေးရွာကြား မှာ မိုင်း၁၆လုံးနဲ့တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၁၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတောF(KIA)နဲ့ ကချင်ဒေသကာကွယ်ရေးတပ်(KPDF) ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Kachinland News ကဖော်ပြပါတယ်။
စစ်ကား ၁၂ စီးပေါ် စစ်သား ၁၀၀ ဝန်းကျင်လိုက်ပါလာတဲ့ စစ်ကြောင်းဟာ တန်ဖဲကျေးရွာ အရောက် ယာဉ်ရပ်နားကာ ခြေလျင်စစ်ကြောင်းထိုးလာစဉ် KIA, KPDF ပူးပေါင်းအဖွဲ့က မိုင်း ၁၆ လုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် တပ်ဟာ သေဆုံးထိခိုက်မှုရှိခဲ့တာကြောင့် မနက် ၈ နာရီလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
အခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းနဲ့ ဆွမ်ပရာဘွမ်လမ်းပိုင်းတစ်လျှောက် အကြမ်းဖက်စစ်တပ်က စစ်ယာဉ်တန်းနဲ့ရော ခြေလျင်စစ်ကြောင်းအဖြစ်ပါ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေပါတယ်။
လက်နက်ခဲယမ်းတွေဖြည့်တင်းခြင်းနဲ့၊ စစ်အင်အားတိုးမြှင့်ခြင်းတွေလည်း ဆက်တိုက်လုပ်ဆောင်နေခဲ့တာကြောင့် KIAတပ်နဲ့ လမ်းကြောင်းတစ်လျှောက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။