ယူကရိန်းစစ်ပွဲ နှစ်ချီကြာနိုင်တယ်လို့ နေတိုး သတိပေး

Photo – newsleaflets

ယူကရိန်းစစ်ပွဲဟာ နှစ်ချီကြာရှည်နိုင်တယ်လို့ နေတိုးအကြီးအကဲက ဇွန်လ ၁၉ရက်နေ့မှာ ပြောလိုက်ပါတယ်။

ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လျှောက်ထားတဲ့အခြေအနေကို ခွင့်ပြုသင့်တယ်လို့ အီးယူ အမှုဆောင်အရာရှိက အကြံပြုပြီးတဲ့နောက် ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ တိုက်ခိုက်ရေးအရှိန်မြှင့်တင် ခဲ့ပါတယ်။

ယူကရိန်းတပ်တွေဆီ ခေတ်မီလက်နက်တွေထောက်ပံ့ပေးတာဟာ အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ရုရှားထိန်းချုပ်မှုကနေ လွတ်မြောက်စေမယ့်အခွင့်အလမ်းကို တိုးမြင့်စေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg ရဲ့ ပြောဆိုချက်ကို ဂျာမနီထုတ် Bild am Sonntag သတင်းစာက ကိုးကား ဖော်ပြထားပါတယ်။

“နှစ်ပေါင်းများစွာ ကြာနိုင်တယ်ဆိုတဲ့အချက်အတွက် ကျွန်တော်တို့ ပြင်ဆင်ထားရပါမယ်၊ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့်  ကုန်ကျစရိတ်က ကြီးမြင့်နေသေးတယ်ဆိုရင်တောင် ယူကရိန်းကို ထောက်ပံ့ဖို့ လက်လွှတ်မခံသင့်ဘူး” လို့ ဆက်ဆိုထားပါတယ်။

ဥရောပကော်မရှင်က ယူကရိန်းကို အီးယူကိုယ်စားလှယ်လောင်းအဖြစ် သတ်မှတ်ခွင့်ပြုဖို့ ထောက်ခံခဲ့ တာကြောင့် ယူကရိန်းဟာ သိသာတဲ့ အားပေးမှု ရရှိခဲ့ပါတယ်။ လာမယ့်သီတင်းပတ်မှာကျင်းပမယ့် ညီလာခံမှာတော့ အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုရေး ဆုံးဖြတ်သွားမယ်လို့ မျှော်မှန်းကြပါတယ်။

ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲခဲ့ပြီးနောက် နေတိုးအဖွဲ့က  သမ္မတဇေလန်းစကီးဦးဆောင်တဲ့ အစိုးရကို လက်နက်အင်အားထောက်ပံ့မှုတွေအပြင် နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေး ကြိုးပမ်းမှုကြောင့် မော်စကိုအစိုးရကို ပိုပြီးဒေါသထွက်စေတာ ဖြစ်ပါတယ်။