အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရေကြီးရေလျှံ မှုတွေကြောင့် အနည်းဆုံး လူ ၁၈ဦး သေဆုံးခဲ့ပြီး နေအိမ်သန်းပေါင်းများစွာ ရေအောက်နစ်မြုပ်ကာ သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွေ ပြတ်တောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ဇွန်လ ၁၈ရက်နေ့မှာ ပြောပါတယ်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ရေကြီးမှုကြောင့် အနည်းဆုံး လူကိုးဦး သေဆုံးခဲ့ပြီး လူ ၂ သန်းမှာ သူတို့ရဲ့နေအိမ်တွေ နစ်မြုပ်သွားတယ်လို့ ပြည်နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဆိုပါတယ်။
အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် ဒေသအချို့မှာလည်း ဇွန်လ ၁၇ရက်ကတည်းက မိုးကြိုးပစ်ပြီး လူကိုးဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာရှရဲ့အကြီးဆုံးမြစ်တွေထဲကတစ်ခုဖြစ်တဲ့ Brahmaputra မြစ်ရဲ့တမံတွေ ကျိုးပေါက်ခဲ့တာကြောင့် အာသံပြည်နယ် ၃၃ ခရိုင်အနက် ၂၈ ခုမှာရှိတဲ့ ရွာပေါင်း ၃ထောင်နဲ့ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့ပါတယ်။
ရေဘေးသင့်ဒေသခံတွေကို ကယ်ဆယ်ရာမှာအိန္ဒိယစစ်တပ်ဟာ သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေး အေဂျင်စီတွေကို ကူညီဖို့ စည်းရုံးထားပြီး စားနပ်ရိက္ခာနဲ့အခြားလိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးနေပါတယ်။
ပြီးခဲ့တဲ့လက မုတ်သုံအကြိုရာသီအတွင်း အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေနဲ့ ဘင်္ဂလားဒေ့ရှ်မြောက်ပိုင်း ၊ အရှေ့မြောက်ပိုင်းဒေသတွေမှာ ရုတ်တရက်ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေ လမ်းတွေအပြင် ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် လူဦးရေ သန်း ၁၆၀ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ရေကြီးရေလျှံမှု ၊ ဆိုင်ကလုံးမုန်တိုင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတာပါ။
ကုလသမဂ္ဂကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဆွေးနွေးမှုအရ ကမ္ဘာကြီးပူနွေးလာမှုဟာ အခုနှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေ ၁၇ရာခိုင်နှုန်းလောက်ဟာ လာမယ့် ဆယ်စုနှစ်မှာ နေရာရွေ့ပြောင်းဖို့ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။