ရုရှားစီးပွားရေးဖိုရမ်မှာ ဟက်ကာတွေကြောင့် အင်တာနက်လိုင်းထိုးကျ

Photo – Reuters

ဇွန်လ ၁၇ရက်နေ့က ပြုလုပ်တဲ့ ရုရှားနိုင်ငံရဲ့အထင်ကရ စီးပွားရေးဖိုရမ်မှာ ဟက်ကာတွေကြောင့် အင်တာနက်ထိုးကျပြီး သမ္မတ ဗလာဒီမာပူတင် မိန့်ခွန်းပြောဖို့ အချိန်နောက်ကျခဲ့တယ်လို့ သိရပါတယ်။ 

ဟတ်ကာတွေအနေနဲ့ အခုလိုလုပ်တာဟာ ရုရှားရဲ့ဖိုရမ်မှာ အားကောင်းတဲ့ အနောက်နိုင်ငံက စီးပွားရေး အင်အားစုတွေပါဝင်မှုကို ဖြတ်တောက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲမှုကြောင့် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေအောက်မှာ စီးပွားရေးပြန်လည်ဦးမော့ဖို့ မော်စကိုအစိုးရက ချိန်ညှိနေချိန် အခုလိုစီးပွားရေးဖိုရမ်ကျင်းပခဲ့တာပါ။

၂၅ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်မှာ နိုင်ငံပိုင်ကုမ္ပဏီတွေက လူသိရှင်ကြား သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ ပြုလုပ်ခဲ့ကြတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ဖိုရမ်က ပါဝင်ခဲ့တဲ့ အနောက်နိုင်ငံရင်းနှီးမြုပ်နှံသူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တော်တော်များများ မတက်ရောက်ခဲ့ကြ ပါဘူး။

အင်တာနက်ချိတ်ဆက်မှု ထိခိုက်ခဲ့တာကြောင့် သမ္မတပူတင် မိန့်ခွန်းပြောဖို့ ၁နာရီခွဲနီးပါး နောက်ကျခဲ့ပြီး အနောက်အုပ်စုက သူ့နိုင်ငံကို စီးပွားရေး ပြိုပျက်အောင် ဖြိုခွင်းဖို့ ကြိုးစားနေတယ်လို့ ပူတင်က စွပ်စွဲခဲ့ပါတယ်။ 

ဒုတိယ၀န်ကြီးချုပ် Dmitry Chernyshenko က ရုရှားရဲ့နည်းပညာခေတ်နောက်ကျမှုနဲ့ ပတ်သတ်လို့ ညည်းညူခဲ့ပြီး ရုရှားနိုင်ငံဟာ သူ့ရဲ့ကိုယ်ပိုင်နည်းပညာဆီ ကူးပြောင်းရာမှာ ခက်ခဲတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ပြောထားပါတယ်။