စစ်အုပ်စုတပ်တွေကြောင့် ဂန့်ဂေါ – ကလေး ကားလမ်းဘေးက ပြည်သူတွေ နေအိမ်စွန့်ခွာထွက်ပြေး

ဒီနေ့ ဇွန်လ ၁၈ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေချီလာတာကြောင့် ဂန့်ဂေါ- ကလေး ကားမကြီးဘေးက ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကားလမ်းဘေးအိမ်တွေဆို ခြောက်ကပ်လို့ လူမနေကြတော့ဘူးလေ။ အခုထိုးလာတဲ့ စစ်ကြောင်းက တော်တော်ရက်စက်ကြမ်းကြုတ်တယ်လို့ နာမည်ကြီးတော့ ရွာတော်တော်များများလမ်းမကြီးဘေးအိမ်တွေဟာ ရှောင်နေကြတာပါ” ကလေးမြို့နယ်တောင်ပိုင်း အောင်သာယာရွာသားတစ်ဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဂန့်‌ဂေါ – ကလေး ကားလမ်းကြီးကိုအသုံးပြုပြီး စစ်ယာဉ်တန်းတွေ သွားလာနေကြတာပါ။
စစ်အာဏာသိမ်းမှုကြောင့် ဒေသခံတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်ကစလို့ အကြမ်းဖက်စစ်တပ်ဟာ အဲဒီလမ်းမကြီးပေါ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။