မြောက်ကိုရီးယားမှာ အူလမ်းကြောင်းဆိုင်ရာဝေဒနာခံစားနေတဲ့ မိသားစု ၈၀၀အတွက် အကူအညီတွေ ပြင်ဆင်

Photo – AFP

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တခြားအကြီးတန်းအရာရှိတွေက အမည်မသိအူလမ်းကြောင်းရောဂါဝေဒနာခံစားနေရတဲ့မိသားစု ၈၀၀ အတွက် အထောက်အပံ့တွေ ပြင်ဆင်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန်လ ၁၇ရက်နေ့မှာ ဖော်ပြထားပါတယ်။

နိုင်ငံပိုင်မီဒီယာက ဖော်ပြချက်မှာ ဘာရောဂါလည်းဆိုတာကိုတော့ မဖော်ပြထားပါဘူး။

“အာဏာပိုင်တွေက ဟဲဂျူးမြို့နဲ့ တောင်ဘက် ဝမ်ဟာပြည်နယ်ရှိ ခန်ဂရွန်းကောင်တီမှာရှိတဲ့လူတွေကို ကပ်ရောဂါကုသဖို့နဲ့ တည်ငြိမ်တဲ့ဘဝနေထိုင်မှုပုံစံကို ပေးဖို့အတွက် လိုအပ်တဲ့ ဆေးဝါး၊ စားသောက်ကုန်နဲ့ နေ့စဉ်လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီးပြီ” လို့ Korea Central News Agency (KCNA) က ပြောပါတယ်။

တောင်ဘက် ဝမ်ဟာ ပြည်နယ်ဟာ မြောက်ကိုရီးယားရဲ့ အဓိကစိုက်ပျိုးရေးဒေသဖြစ်ပြီး ကိုဗစ်ကူးစက်နေတဲ့ကာလအတွင်း နာတာရှည်ရောဂါနဲ့ စားနပ်ရိက္ခာပြတ်လပ်တာတွေပါ ထပ်တိုးလာမယ့်အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။

 “ကာလဝမ်းရောဂါ ဒါမှမဟုတ် တိုက်ဖွိုက်ရောဂါလို့ သံသယရှိတဲ့ရောဂါဖြစ်ပွားမှုကို စောင့်ကြည့်နေတယ်” လို့  တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၆ရက်နေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားဟာ ကိုဗစ်စမ်းသပ်နိုင်စွမ်းမရှိတာကြောင့် ကိုဗစ်ဖြစ်ပွားမှုကို အတည်ပြုရမယ့်အစား အဖျားရောဂါလက္ခဏာရှိတဲ့လူနာအရေအတွက်ကိုသာ အစီရင်ခံတင်ပြလျက်ရှိပြီး အဖျားရောဂါလက္ခဏာပြသူပေါင်း ၂၃,၁၆၀ ကို KCNA က သောကြာနေ့မှာ အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကူးစက်မှု သက်သာသွားပြီလို့ မြောက်ကိုရီးယားက ပြောဆိုနေပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလအစောပိုင်းမှာ ပြုံယမ်းရဲ့ ပြောဆိုချက်တွေအပေါ် သံသယဝင်ခဲ့ပြီး အခြေအနေပိုဆိုးဝါးလာနိုင်တယ်လို့ ပြောထားပါတယ်။