မြန်မာစစ်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးကြဖို့ လူ့အခွင့်အရေးမဟာမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံက ပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေလို အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ပြစ်မှုတွေကို နိုင်ငံတကာဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးကြဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က တိုက်တွန်းလိုက်ပါတယ်။
ဇွန်လ ၁၄ ရက်နေ့၊ဂျီနီဗာမှာ ကျင်းပတဲ့ ကုလလူ့အခွင့်အရေးကောင်စီညီလာခံရဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ သူက အဲဒီလိုတိုက်တွန်းလိုက်တာပါ။
အာဂျင်တီးနားနဲ့ တူရကီနိုင်ငံတွေရဲ့ စံနမူနာအတိုင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုမှန်သမျှ ကိုကမ္ဘာ့နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့်ဥပဒေကို ကုလအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်ခံအတည်ပြု အကောင်အထည်ဖော်နိုင်ကြပါတယ်လို့ သူက ပြောပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ အခြေအနေ နောက်ပြန်လှည့်သွားခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ လည်း ဆိုပါတယ်။
အပြစ်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်မှုဟာ တိုင်းပြည်တစ်ပြည်တည်ဆောက်ရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ လည်းဆိုပါတယ်။
မြန်မာစစ်တပ်က အတိတ်နဲ့လက်ရှိကျူးလွန်နေတဲ့ပြစ်မှုတွေဟာဆယ်စုနှစ်ပေါင်းများစွာ ရရှိလာတဲ့ ပြစ်ဒဏ်မခံရခြင်း နဲ့ များစွာ သက်ဆိုင်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကဇွန်လ ၁၃ ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်းပြောကြားခဲ့ပါတယ်။