ပုလောက ကုန်မာဆိုင်ပိုင်ရှင် ၅ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့က ကုန်မာဆိုင်ပိုင်ရှင် ၅ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ် ။ ဇွန်လ ၁၅ ရက်နေ့ညပိုင်းက ၁ ဦးနဲ့ ဇွန်လ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ ၄ ဦး စုစုပေါင်း ၅ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၂ ဦးနဲ့အမျိုးသား ၃ ဦးပါဝင်ပြီး ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၄) ရပ်ကွက်နေထိုင်သူတွေဖြစါတယ်လို့ ဆိုပါတယ်။
“ညကနဲ့မနက်ပိုင်းမှာ လာဖမ်းသွားတာ။ ဘာကြောင့်လာဖမ်းသွားလဲဆိုတာတော့ မသိရဘူး။ စကစ တွေဘက်က အင်အားများတယ် လာဖမ်းသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကိုတော့ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာမသိရသေးဘဲ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
မေလအတွင်းကလည်း ပုလောမြို့ ကားဂိတ်မှာ အမျိုးသမီးတစ်ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။