စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ်တစ်ခုမှာ တိုက်ပွဲအတွင်းသေဆုံးတဲ့ အကြမ်းဖက်စစ်သားတွေကို တပ်အတွင်းမှာပဲ မြုပ်နှံမှုတွေလုပ်နေတယ်လို့ တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေ ဆီက သိရပါတယ်။
အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာ ခြေလျင်၊ ခြေမြန်တပ် တစ်ခုဖြစ်တဲ့ အမှတ် (၈၇) တပ်ဖြစ်ပြီး ကလေးမြို့မြောက်ဘက် စံပြရွာနဲ့ မင်းလှရွာကြားမှာရှိတယ်လို့ ဆိုပါတယ်။
“မနေ့ကလည်း တပ်ထဲငိုသံတွေ ကြားရတယ်ဗျ ။ သူတို့တွေသေပြီဆို တပ်ထဲ JCB ဝင်သွားပြီပဲ။ ဒါနဲ့တူးမြုပ်တာပဲ ဖြစ်မှာပါ” လို့ တပ်နဲ့နီးစပ်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းကျဆုံးခဲ့တဲ့ စစ်သားတွေကို အကြမ်းဖက်စစ်တပ်အနေနဲ့ အလောင်းပြန်သယ်လို့ ရတယ်ဆိုရင် စစ်သင်္ချိုင်းတွေမှာ သင်္ဂြိုလ်တာတွေလုပ်ဆောင်သလို သက်ဆိုင်ရာ ကျေးရွာသင်္ချိုင်းတွေမှာ သင်္ဂြိုလ်လေ့ရှိတယ်လို့ သိရပါတယ်။
အခုလိုမြုပ်နှံတာဟာ တပ်ဧရိယာကျယ်ဝန်းတဲ့အတွက် မြုပ်နှံတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ကလေးမြို့မှာဆိုရင် ၂၂၈ ၊ ၈၇ ၊ ၃၆၁ ၊ ၈၉ နဲ့ ၂၆၂ စတဲ့ ခြေလျင် ၊ ခြေမြန်တပ်တွေ ရှိတယ်လို့ သိရပါတယ်။