မြန်မာစစ်တပ်ဟာ ပြည်သူနဲ့ စစ်ဖြစ်နေ၊ အပြစ်မဲ့ ကလေးငယ်တွေ စစ်ပွဲကြားက မြေဇာပင် ဖြစ်နေ

မြန်မာစစ်တပ်ဟာ ပြည်သူတွေနဲ့ စစ်ဖြစ်နေတဲ့အတွက် အပြစ်မဲ့ ကလေးငယ်တွေ စစ်ပွဲကြားက မြေဇာပင်တွေ ဖြစ်နေကြရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူး ကပြောပါတယ်။
ကျဆုံးတဲ့ မျိုးဆက်တခု လို့ နာမည်ပေးထားတဲ့ တွမ်အန် ဒရူး ရဲ့အစီရင်ခံမှာ အဲဒီလိုဖော်ပြထားပါတယ်။
ဒီမိုကရေစီပြန်လည်ဖော်ဆောင်မှုမရှိဘဲ ကလေးတွေအတွက် ပြေလည်တဲ့ အခြေအနေတစ်ခု ဖန်တီးမပေးနိုင်ဘူးဆိုရင် မြန်မာကလေးငယ်တွေဟာ ကျဆုံးတဲ့ မျိုးဆက်တခု ဖြစ်သွား လိမ့်မယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေထဲမှာ ကလေးငယ် ၂သိန်း ခွဲကျော်ရှိပြီး လုံခြုံမှုရှိတဲ့ ဒုက္ခသည်စခန်းတွင်းရောက်နေတဲ့ကလေး ၁သိန်း ၃ သောင်းကျော်နဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ ခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည်ကလေးငယ်ပေါင်း ၅သိန်းကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းမှုဟာ ကလေးငယ်တွေအတွက် ဘေးအန္တရာယ်ဆိုးကြီးဖြစ် တယ်လို့လည်း ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖမ်းဆီးခဲ့တဲ့ကလေးငယ် ၁၄၀၀ ရှိပြီး လက်ရှိအချိန်ထိ ဓားစားခံအဖြစ် ထိန်းသိမ်းထားတဲ့ ကလေး ၆၁ ယောက်ထက်မနည်းရှိသလို ဖမ်းဆီးထားစဉ်နည်းလမ်းမျိုးစုံနဲ့ ညှဉ်းပန်းခံရတဲ့ ကလေးပေါင်းအနည်းဆုံး ၁၄၂ ဦးရှိတယ်လို့ပြောပါတယ်။
မြန်မာကလေးငယ်တွေ အရေး ကမ္ဘာက အတတ်နိုင်ဆုံးအာရုံစိုက် ဆောင်ရွက်ပေးဖို့ကုလ အထူးကိုယ်စားလှယ်က တိုက်တွန်းထားသလို ယူကရိန်းလိုပဲမြန်မာ့အကျပ်အတည်းကို ကုလလုံခြုံရေးကောင်စီနဲ့ အခြားကုလအဖွဲ့အစည်းတွေက တန်းတူ တုန့်ပြန်ဖို့လိုတယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။